ထိုင်းရောက် သက်တမ်းကုန် MOU လုပ်သားများ သက်တမ်းတိုးခွင့်မရ၍ အခက်ကြုံနေရ
******************************
ဇန်နဝါရီ ၁၈ ၊ ၂၀၂၃ ။
ထိုင်းနိုင်ငံ၌ MOU ဖြင့် တရားဝင် လာရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများတချို့ သက်တမ်းကုန်ဆုံးချိန်၌ သက်တမ်းတိုးခွင့်မရဘဲအလုပ်ပါထုတ်ပစ်ခံနေရသောကြောင့် သက်တမ်းကုန်ဆုံးနေသည့် အလုပ်သမားအများစုမှာ စိုးရိမ်နေရသည်ဟု သိရသည်။
ထိုင်နိုင်ငံ မဟာချိုင်ရှိစက်ရုံတစ်ခုတွင် လုပ်ကိုင်နေပြီး သက်တမ်းကုန်ဆုံးနေပြီ ဖြစ်သော်လည်း သူဌေးကသက်တမ်းမတိုးပေးသည့်အပြင် အလုပ်ထုတ်ပစ်မည် သတင်းကြောင့် အခက်တွေ့နေရသည်ဟု အလုပ်သမားတစ်ဦးက ပြောသည်။
” အခုနောက်ပိုင်းစက်ရုံမှာ လူတွေများလာတယ်( အလုပ်သား တစ်ထောင်ကျော်ရှိ)။ MOUနဲ့ လာတဲ့သူတွေကလဲ များတော့ အလုပ်မပေးနိုင်တော့ဘူးလေ။ လူဟောင်းတွေက စာအုပ်သက်တမ်း ကုန်နေကြပြီးဆိုတော့ လူဟောင်းတွေကို အလုပ်ထုတ်မယ်ကြားလို့ အခုစောင့်ကြည့်နေရတဲ့ အခြေနေပါ ” ဟု ၎င်းက ပြောသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ MOU ဖြင့်ထိုင်းနိုင်ငံတွင် လာရောက်လုပ်နေသည့် အဆိုပါအလုပ်သမားက သူဌေးမှ အလုပ်ထုတ်ပစ်လျှင် မြန်မာနိုင်ငံသို့မပြန်ချင်ကြောင်းနှင့် ပတ်စ်ပို့သက်တမ်းတိုး၍ အခြားအလုပ်လုပ်ကိုင်ရန်မှာလည်း များစွာအခက်အခဲရှိနေသည်ဟု ဆိုသည်။
၎င်းက “ မြန်မာပြည်ပြန်ဖို့ကျတော့လဲ ဟိုရောက်ရင် လုပ်ကိုင်စားစရာဘာမှမရှိဘူးလေ။အိမ်ကသူတွေတောင်မှ စစ်ရှောင်နေရတာ။ ပြန်သွားရင် ပိုဒုက္ခရောက်ဖို့ပဲရှိတော့တယ် ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းဖြစ်စဥ်ကြောင့် အဖက်ဖက်မှ ကြပ်တည်းလာနေသည့် အခြေအနေ၌ အိမ်နီးချင်းထိုင်းနိုင်ငံသို့ အလုပ်သမား အများအပြား သွားရောက်လုပ်ကိုင်နေကြရာ MOU စနစ်ဖြင့် တရားဝင်လာရောက်ကြသည့် လုပ်သားများပင် အခက်အခဲ၊ ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် ကျပ်သိန်း ၃၀ ဝန်းကျင်အထိ ကုန်ကြောင်း အလုပ်သမားတချို့ထံမှ စုံစမ်းသိရှိရပြီး ထိုသို့ ငွေကုန်ကြေးကျများစွာဖြင့် ရောက်ရှိလာကြသည့် MOU လုပ်သားအများစုသည် ၂၀၂၂ နှစ်ဝက်ခန့်မှစ၍ ပြဿနာများနှင့် မကြာခဏ ရင်ဆိုင်လာရသည်။
” MOUမှာ နှစ်နိုင်ငံသတ်မှတ်တဲ့စည်းမျဉ်း ဥပဒေတွေရှိတယ်။ဥပဒေအကြောင်းရာနဲ့ပတ်သတ်ပြီး လွဲချော်မှုတွေ ရှိနေတာတွေ၊ အလုပ်သမားအခွင့်ရေး ဆုံးရှုံးနေတဲ့ MOU အလုပ်သမားတွေကို ဥပဒေအရ ရင်ဆိုင်ရတဲ့အခါတွေမှာရော၊ နေထိုင်မှုတွေအထိပါ အကူညီတောင်းလာတာတွေရှိတယ် ” ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် AAC အဖွဲ့အစည်းမှ တာဝန်ရှိသူ ကိုရဲမင်းက ပြောသည်။
ယခုနောက်ပိုင်း၌ MOU စနစ်ဖြင့် ထိုင်းနိုင်ငံကို လာရောက်လုပ်ကိုင်သော မြန်မာအလုပ်သမားများသည်
အလုပ်နေရာမတူဘဲ ခေါ်လာခံရခြင်း၊ အလုပ်မရှိဘဲ ခေါ်လာခံရခြင်း၊ လုပ်ခလစာ မရရှိခြင်း၊ အလုပ်ရုံတစ်ခုကို အကြောင်းပြခေါ်လာပြီး လူလိုမှသွင်းပေးခြင်း၊ အလုပ်မပေးနိုင်ဘဲခေါ်လာပြီး လမ်း၌ စွန့်ပစ်ထားခြင်း စသည့် ပြဿနာများအတွက် အလုပ်သမားအများစုက အကူအညီ တောင်းခံလာကြသည်ဟု ကိုရဲမင်းက သံလွင်ခက်ကို ပြောသည်။
ပုံစာ – ဗီဇာသက်တမ်းလေးနှစ်ပြည့် MOU လုပ်သား ၄၀ ဦး သက်တမ်းတိုးခွင့်မရဘဲ အလုပ်ဖြုတ်ခံ ရသောကြောင့် ကိုရဲမင်း (AAC) မဟာမိတ်အဖွဲ့သားများက ယခုလ ဇန်နဝါရီ ၁၇ ရက်၌ ကူညီဆောင်ရွက်ပေးခဲ့ပုံ။