ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ၂၀ ကျော် သေဆုံး၊ ဒဏ်ရာရ
**************************
ဇန်နဝါရီ ၁၉၊၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးပြီး နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့သည်ဟု ယင်းဒေသခံများက သံလွင်ခက်ကို ပြောသည်။
ကသာမြို့နယ်၊ မိုးတားလေးကျေးရွာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ လေးနာရီအချိန်ခန့်က လေယာဉ်နှစ်စီးဖြင့် ရွာထဲသို့ ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ ရွာထဲကို ဗုံးရှစ်လုံးကြဲသွားတာ တစ်လုံးကတော့ မကွဲသွားဘူး ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၅ လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ပြည်သူ ၇ ဦးသေဆုံးကာ ၁၇ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အခြားဒေသခံ တစ်ဦးက ပြောသည်။
“ ယောကျာ်းလေး ၁ ယောက် မိန်းကလေး ၇ ယောက် သေသွားတယ်။ သေဆုံးတဲ့အထဲမှာ အမျိုးသမီး အသက် ၅၀ ကျော်တစ်ယောက် ၆၀ကျော်တစ်ယောက်ပါတယ် ” ဟု ၎င်းက ပြောသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်ကာ မိုးတားလေးကျေးရွာအနီးတွင် ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
စစ်ကောင်စီက ကြဲချခဲ့သည့် ဗုံးသည် မီးလောင်ဗုံးဖြစ်ပါက သုံးစွဲခွင့်မရှိ ကန့်သတ်ထားသည်ဟု စစ်ဘက်ရေးရာလေ့လာသူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် ထိခိုက်ဒဏ်ရာရသည့် ပြည်သူများမှာ ဆေးကုသမှုခံယူနေပြီး မိုးတားလေးကျေးရွာ အပါအဝင် အနီးအနားရှိရွာများမှ ပြည်သူများလည်း စစ်ဘေးရှောင်နေရသည်။
ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် မိုးတားလေးကျေးရွာမြင်ကွင်း။
Photo – crd