တစ်ပတ်အတွင်း နေအိမ် ၁၅၀ ခန့် မီးရှို့ခံရ
**************************
သံလွင်ခက်။
ဇန်နဝါရီ ၁၈ ၊ ၂၀၂၃။
တစ်ပတ်အတွင်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှ နေအိမ် ၁၅၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ပုလဲမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်မှ တော်လှန်ရေးအင်အားစုများက ကန့်ဒေါင့် စစ်ကောင်စီတပ်စခန်းကို စတင်တိုက်ခိုက်ခဲ့သည်။
ကန့်ဒေါင့် စစ်ကောင်စီတပ်စခန်းကို ရိက္ခာလာယူသည့် အင်မထီးကျေးရွာမှ ပျူစောထီးများကို တိုက်ခိုက်ခဲ့ပြီးနောက် ကန့်ဒေါင့်စခန်းကို ဆက်လက်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ပုလဲမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းက ” အင်မထီးက ပျူတွေက လှည်းတွေနဲ့ထွက်ပြီး ရိက္ခာ လာယူတာပေါ့ ဒီဟာတွေကို အပြန်မှ တိုက်မယ်ဆိုပြီးတော့ ပုလဲ၊ မြိုင်၊ ပေါက် တော်လှန်ရေးအင်အားစုတွေကနေပြီးတော့ အပြန်မှာ တိုက်ကြတာ။ တိုက်ရင်းနဲ့ နောက်ပိုင်းမှာ ပျူရွာတွေ ရေရှည်ရပ်တည်နိုင်အောင် ကန့်ဒေါင့် စခန်းကပဲ ရိက္ခာတွေ ပို့ပေးနေတယ်။ ဒီစခန်းပါ တိုက်မှရတော့မယ် ဆိုပြီး မူလအစီစဉ်ထဲမှာတော့ မပါဘူး နောက်ပိုင်းမှာ ဆုံးဖြတ်ပြီး တိုက်ကြတာ ” ဟုဆိုသည်။
ဇန်နဝါရီ ၉ ရက်နေ့တွင် စစ်ကောင်စီက ကန့်ဒေါင့်စခန်း အနီးဝန်းကျင်ကို လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး လူအင်အား ၅၀ နီးပါး ချထားခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ကာ တစ်ပတ်အတွင်း ကန့်ဒေါင့် စခန်းအနီးရှိ ကျေးရွာ ၇ ရွာမှ နေအိမ် ၁၅၀ ခန့်ကို နေ့စဉ် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
လေယာဉ်ဖြင့် လူအင်အား လာချသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကန့်ဒေါင့် စခန်းအနီးရှိ ကျေးရွာများကို မီးရှို့မှုများ လုပ်ဆောင်ခဲ့သည် ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဇော်ထက်က ဆိုသည်။
၎င်းက “ စစ်ကောင်စီရဲ့ သွားနေတာက အရင်လိုမဟုတ်တော့ဘူး ။ ပုံစံပြောင်းသွားပြီ ဟိုအရင်ကတော့ တိုက်ပွဲဖြစ်တယ်ဆိုမှ တိုက်ပွဲနဲ့ အနီးဆုံးရွာကို ရှို့တာ။ အခုဟာက တိုက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် တွေ့တဲ့ ရွာကို မီးရှို့တာ ” ဟုဆိုသည်။
ဇန်နဝါရီလ ၁၀ ရက်မှစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များသည် ပုလဲမြို့နယ်အတွင်းရှိ သရက်ကန်၊ ညောင်ရင်းကုန်း၊ သပြေအေး၊ တောင်ရွာသစ်၊ သရက်လှ၊ ကိုးပင်၊ ကြောင်ဝန်ဒူးစသည့် ကျေးရွာ ၇ ရွာမှ နေအိမ် ၁၅၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
သရက်ကန်ကျေးရွာကို မီးမရှို့မှီ ဒေသခံ အမျိုးသမီးများထံမှ ရွှေ၊ ငွေ လက်ဝတ်ရတနာများကို ယူဆောင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ဒေသခံတစ်ဦးက ” ရွာရဲ့ ခပ်လှမ်းလှမ်းမှာ စစ်ရှောင်နေရတဲ့ ရွာသူရွာသားတွေရှိတယ်။ အဲ့တာကိုလည်း သူတို့က လိုက်ပြီး လက်နက်နဲ့ပစ်တယ်။ အဲ့မှာ အမျိုးသမီးအများစုမိကြတယ်။ မိတဲ့အခါမှာ ထိုင်ခိုင်းပြီး ပါလာတဲ့ ဆွဲကြိုးတွေ နားကပ်တွေ ပိုက်ဆံတွေ အားလုံးယူသွားတယ်။ ပြီးမှ ရွာကို မီးရှို့တာ ” ဟု၎င်းက ဆိုသည်။
လတ်တလောတွင် ကန့်ဒေါင့် စခန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စခန်းအနီးဝန်းကျင်ရှိ မီးရှို့ခံခဲ့ရသည့် ကျေးရွာများ အပါအဝင် ကျေးရွာ ၁၀ ရွာမှ ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ပုံစာ – မီးရှို့ခံခဲ့ရသည့် ပုလဲမြို့နယ်အတွင်းက ကျေးရွာများမြင်ကွင်း။
Photo – Pale Entertainment