အာဏာသိမ်း ကာလအတွင်း KNU ကော်သူးလေအုပ်ချုပ်နယ်မြေတိုက်ပွဲများ၌ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၆၄၀၀ ကျော်သေဆုံး
*********************************
ဇန်နဝါရီ ၁၃ ၊ ၂၀၁၃ ။
စစ်ကောင်စီက အာဏာသိမ်းခဲ့သည့်ကာလအတွင်း၌ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၆၄၀၂ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူဗဟိုက လစဥ်အလိုက် ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ကေအဲန်ယူတပ်မဟာ ၇ ခုရှိသည့်အနက် တပ်မဟာ ၁ မှ တပ်မဟာ ၆ တို့ရှိ ထိန်းချုပ်နယ်မြေများအတွင်း၌ ပြီးခဲ့သော ၂နှစ် အတွင်းတွင် တိုက်ပွဲများတောက်လျှောက် ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီ၊ BGF တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့နှင့် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း ၄၄၃၁ ကြိမ် ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း၌ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၄၂၁၂ ဦးသေဆုံး၍ ၃၂၆၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့သည့်အပြင် လက်နက်ချ အလင်းဝင်ရောက်သူနှင့် တိုက်ပွဲတွင်း ဖမ်းဆီးရမိသူ ၅၀ ဦးရှိခဲ့သည်။
ပြီးခဲ့သောနှစ်တိုက်ပွဲများ၌ KNLAပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်းများနှင့် စစ်ယာဥ် အစီး ၄၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့သည်။ ထို့ပြင် စခန်းသိမ်းတိုက်ပွဲများအပါအဝင် စစ်ကောင်စီတပ်များထံမှ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့သည်။
စစ်ကောင်စီက အာဏာစသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်တွင်လည်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၌ တိုက်ပွဲပေါင်း ၃၁၅၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၂၁၉၀ ဦး သေဆုံး၍ ၂၀၄၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် တပ်မဟာ ၆ ခုတို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲပေါင်း ၄၄၃၁ ကြိမ်အနက် တပ်မဟာ ၅ နယ်မြေတစ်ခုတည်း၌ တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ထိ ဖြစ်ပွားခဲ့သည်။
KNU တပ်မဟာများအနက် တိုက်ပွဲအများဆုံးဖြစ်ပွားထားသည့် တပ်မဟာ၅ နယ်မြေ၌ ယခုနှစ်တွင် စစ်ရေးအရှိန်ကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ကေအဲန်ယူတပ်မဟာ၅ ပြောခွင့်ရ ပဒိုမန်းမန်းက သံလွင်ခက်ကို ပြောဆိုထားသည်။
ထို့ပြင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ကောင်စီတပ်စခန်းအားလုံးရုတ်သိမ်းသွားရန်နှင့် စစ်ကောင်စီအုပ်ချုပ်မှု ယန္တရားများလုံးဝမရှိရန် ဖိအားပေးလုပ်ဆောင်နေသည်ဟုလည်း ကေအဲန်ယူတပ်မဟာ ၅ က ယခုလအစပိုင်း၌ ထုတ်ပြန်ထားသည်။
ပုံစာ – ပြီးခဲ့သောနှစ် မေလအတွင်း၌ စစ်ကောင်စီ၏သေ့ဘောဘိုးအခြေစိုက်တပ်စခန်းအား တိုက်ခိုက် သိမ်းပိုက်မှု၌ သိမ်းဆည်းရမိသော လက်နက်၊ ခဲယမ်းများ။