အာဆီယံအနေဖြင့် သူများပြည်တွင်းရေးကို ဝင်မစွက်ဖက်ရန် စစ်ကောင်စီသတိပေး
**********************
ဇန်နဝါရီ ၁၃၊ ၂၀၂၃။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးနှင့် ပတ်သက်သည့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု သဘောထား ထုတ်ပြန်သည်။
ထိုထုတ်ပြန်ချက်အပေါ် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အာဆီယံအနေဖြင့် စည်းမျဉ်းလိုက်နာရန်လိုအပ်ပြီး သူများပြည်တွင်းရေးကို ဝင်မစွက်ဖက်ရန် သတိပေးထားသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီသည် ဇန်နဝါရီလ ၁၁ ရက်နေ့က Annual Press Statement တွင် မြန်မာ့အရေးနှင့်ပတ်သတ်ပြီး ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါပြောကြားချက်ကို မူတည်ပြီး စစ်ကောင်စီက အာဆီယံအဖွဲ့အစည်းကို ယမန်နေ့က သတိပေးစာ ထုတ်ပြန်၍ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
အာဆီယံအနေဖြင့် ပဋိညာဉ်စာတမ်းပါ စည်းမျဉ်းစည်းကမ်းများနှင့် အခြေခံမူများကို လိုက်နာရန်လိုအပ်ကြောင်း၊ မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်ခြင်းသည် ပဋိညာဉ်ကို ချိုးဖောက်ရာကျကြောင်း စစ်ကောင်စီက သတိပေးထားသည်။
ထိုထုတ်ပြန်ချက်၌ စစ်ကောင်စီအစိုးရအနေဖြင့် ဒီမိုကရေစီပြန်လည်ဖော်ဆောင်နိုင်ရေး ၂၀၀၈ အခြေခံဥပဒေနှင့်အညီ ကြိုပမ်းဆောင်ရွက်နေသည်ဟုလည်း ဖော်ပြထားသည်။
အကြမ်းဖက်မှုများ ချက်ချင်းရပ်ဆိုင်ရန် စစ်ကောင်စီကိုတောင်းဆိုထားသည့် အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အပြည့်အဝ အကောင်အထည်ဖော်ခြင်းမရှိသေးချေ။
စစ်ကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသည့် ရွေးကောက်ပွဲတစ်ခုကို လာမည့်ဩဂုတ်လအတွင်း ကျင်းပသွားရန် ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။
ပုံစာ – အင်ဒိုနီးရှားနိုင်ငံခြာရေးဝန်ကြီး ရတ်နိုမာဆူဒီ