ချင်းအမျိုးသားတပ်ဦး CNF/A ဌာနချုပ်ကို စစ်ကောင်စီက တိုက်လေယာဥ်များဖြင့် ဒုတိယအကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အိန္ဒိယနှင့်ချင်းနယ်စပ်ရှိ ကျေးရွာများမှ ပြည်သူအများအပြားကို ဆေးကုသမှုပေးနေသည့်ဆေးကုသဆောင်နှင့်ဆေးဝါးများပျက်စီးခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ်နှင့် အိန္ဒိယနယ်စပ်၊ ထန်တလန် မြို့နယ်အတွင်းရှိ CNF ဌာနချုပ်ဗစ်တိုးရီးယားကန့်ကို စစ်ကောင်စီက ဇန်နဝါရီလ ၁၀ရက်နှင့် ၁၁ ရက်၊ ညနေပိုင်းတို့တွင် ဂျက်ဖိုက်တာ ၈ စီးဖြင့်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ပထမနေ့ ဂျက်ဖိုက်တာ ၅စီးဖြင့်လာရောက်တိုက်ခိုက်မှု၌ CNF တပ်ဖွဲ့ဝင်ရဲဘော် ၅ ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးမနည်းရှိဟုသည်ဟု သိရသည်။
ဒုတိယနေ့ ဂျက်ဖိုက်တာ၃စီးဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း ဆေးကုသဆောင်နှင့်အဆောက်အဦးတချို့ပျက်စီးခဲ့ရသည်။
” အဲမှာက ချောင်းလေးပဲကူးလိုက်ရင် အိန္ဒိယဘက်ကိုရောက်တယ်။ အိန္ဒိယဘက်မှာလည်း ရွာတွေရှိတယ်။ အခုပျက်စီးသွားတဲ့ နေရာက နယ်စပ်မှာရှိတဲ့ ကျေးရွာပြည်သူတွေကို ဆေးကုသမှုပေးနေတာ။ ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း များတယ် “ဟု ဒေသခံချင်းအမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။
CNF ဌာနချုပ်ကို စစ်ကောင်စီက ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်မှုအပြီး၌ မြန်မာဘက်ခြမ်းရှိပြည်သူများမှာ အိန္ဒိယဘက်ခြမ်းသို့ ရှောင်တိမ်းခဲ့ကြသည်ဟု ၎င်းကပြောသည်။
စစ်ကောင်စီက CNF ဌာနချုက်ကို နှစ်ရက်ဆက် လာရောက်တိုက်ခိုက်ခဲ့သောကြောင့်နောက်ထပ် လူအင်အားများချ၍ ဌာနချုပ်တစ်ခုလုံးကို စီးနင်းတိုက်ခိုက်နိုင်သည့် အခြေအနေရှိနိုင်သည်ဟု CNF နှင့်နီးစပ်သူတစ်ဦးက ၎င်းကစိုးရိမ်မှုကိုပြောသည်။
၂၀၂၃ ခုနှစ်တွင် အပစ်ခတ်ရပ်နားထားမည်ဟု နှစ်သစ်၌ ကြေညာထားသည့်စစ်ကောင်စီသည် ယခုနှစ်အစပိုင်းအတွင်း၌ပင် ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုများကို ဆက်တိုက်ပြုလုပ်နေသည်။
ဇန်နဝါရီလ ပထမအပတ်တွင်း၌ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် မြေပြင်စစ်ကြောင်းနှစ် ကြောင်းဖြင့်စစ်ကြောင်းထိုးခဲ့သည့်အပြင် လေယာဥ်ဖြင့်ဗုံး၂လုံးကြဲချခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်က ဇန်နဝါရီလ ပထမအပတ်တွင်း၌ပင် ထန်တလန်မြို့တွင်းကို လေယာဥ်ဖြင့်ဗုံးကြဲခဲ့ပြီးယခုဒုတိယအပတ်တွင်း၌လည်း CNFဌာနချုပ်အား လေကြောင်းမှတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
ဓာတ်ပုံ– Chinland Information Center