ကိုယ်ရေးအချက်အလက် အမှန်ဖြည့်ရန် စစ်ကောင်စီ အမိန့်ထုတ်
*****************
ဇန်နဝါရီ ၁၂၊ ၂၀၂၃။
ဖုန်းဆင်းကဒ် သုံးစွဲသည့် ပြည်သူများအနေဖြင့် ကိုယ်ရေး အချက်အလက် အမှန်ဖြည့်ရန် စစ်ကောင်စီ လက်အောက်ခံ ဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းကတ်များကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြင်ဆင်ရန် ဇန်နဝါရီလ ၈ ရက်နေ့ စစ်ကောင်စီထုတ် မြန်မာ့အလင်းသတင်းစာတွင် ကြေညာထားသည်။
ယင်းထုတ်ပြန်ချက်ကြောင့် တော်လှန်ရေးအင်အားစုများနှင့် ဒီမိုကရေစီ အရေးလှုပ်ရှားသူများအကြား စိုးရိမ်မှုများလည်း ရှိသည်။
ဖုန်းဆင်းကဒ်များကို မှတ်ပုံတင်လျှင် မိမိတို့ ဖုန်းခေါ်ဆိုစဉ် ကြားဖြတ်အသံနားထောင်နိုင်မည်ဖြစ်ပြီး ဥပဒေအရ အမှုဖွင့်ရန်လည်း လွယ်ကူသွားမည်ဖြစ်သည်ဟု Digital safety educator ကိုဘဟိန်းက သံလွင်ခက်ကို ပြောသည်။
“ အဓိကက ဆင်းကတ်တွေကနေပြီးတော့ အခြေခံအားဖြင့် တည်နေရာနဲ့ သာမန်ဖုန်းခေါ်တာတွေက အလွယ်တကူ ကြားဖြတ်နားထောင်လို့ရတယ်။ မှတ်ပုံတင်ထားခြင်းအားဖြင့် ဘယ်သူတွေကို ဘယ်စကားတွေပြောခဲ့လည်းဆိုတာကို အလွယ်တကူအတည်ပြုပြီးတော့ အမှုဖွင့်တာတွေ လုပ်ဖို့လွယ်လိမ့်မယ် ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ ထောက်လှမ်းရေးနည်းပညာကွန်ရက်သည် အားကောင်းကာ တော်လှန်ရေးအင်အားစုများနှင့် NUG အစိုးရ၏ ကြိုတင်ပြင်ဆင်မှု အားနည်းချက်များကြောင့် မြို့ပြတော်လှန်ရေး အင်အားစုများအပါအဝင် တော်လှန်ရေးနှင့် ဆက်နွယ်နေသည့် မိသားစုဝင်များ အခက်တွေ့လာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းမှု အတွက် ထိန်းချုပ်ရ ခက်ခဲလာသည့်အတွက် တော်လှန်ရေးရဲဘော်များကို ထောက်ပို့လုပ်နေသည့် လုပ်ငန်းစဉ်များနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များကို ထိန်းချုပ်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ” နေ့စဉ်လှူပါ၊ ငွေငါးရာ ” ရန်ပုံငွေရှာဖွေရေး အဖွဲ့၏ တာဝန်ရှိသူက သုံးသပ်ပြောဆိုသည်။
၎င်းက “ ပြည်တွင်းကနေ အလှူငွေရမှာ နည်းသွားမယ်။ နောက်ကြောင်းလိုက်ရတာ လွယ်သွားမယ်။ NUG pay ကပြည်တွင်းထဲမှာ သုံးဖို့ သိပ်အဆင်မပြေဘူး။ UG တွေအတွက် ပိုခက်ခဲနိုင်တယ် ” ဟုပြောသည်။
တော်လှန်ရေးအတွက် သတိထားရမည့် အကြောင်းအရာ တစ်ခု သာဖြစ်ပြီး ထွက်ပေါက်ပိတ်သွားခြင်းမျိုးမဟုတ်ဘဲ စစ်ကောင်စီက အလုံးစုံ ထိန်းချုပ်လိုက်နိုင်ခြင်းမျိုး မရှိဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီ၏ ဆင်းကဒ်များကို ထိန်းချုပ်ရန် ကြိုးစားခြင်းသည် တော်လှန်ရေးအင်အားစုများအတွက်သာမက ပြည်သူများအတွက်လည်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိဟု ရန်ကုန်မြို့နေ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ နိုင်ငံရေးလုပ်တဲ့သူမှ မလုံခြုံတာမဟုတ်ဘူးလေ တခြား လူမှုရေး၊ စီးပွားရေးကိစ္စတွေလည်းရှိသေးတော့ အဆင်မပြေဘူးပေါ့။ မိသားစုနဲ့ ပြောနေရင်းတောင် တီ တီ ဆိုပြီး အသံမြည်လာရင် ဘယ်သူဖြတ်နားထောင်နေလည်းဆိုပြီး ရပ်ပစ်ရတော့မယ် ” ဟု ၎င်းက ပြောသည်။
၂၀၁၉ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံးက အိမ်ထောင်စု ၈၆ရာခိုင်နှုန်းမှာ မိုဘိုင်းလ်ဖုန်းရှိပြီး ခရိုင်အားလုံးတွင် မိုဘိုင်းလ်ဖုန်း ပိုင်ဆိုင်သည့် အိမ်ထောင်စု ၆၀ ရာခိုင်နှုန်းအထက် ရှိသည်ဟု Myanmar Information Management Unit (MIMU) တွင် ဖော်ပြထားသည်။
လူဦးရေ သန်းခေါင်စာရင်း အရ ၅၄ သန်းနှင့် နှိုင်းယှဉ် တွက်ချက်မည်ဆိုပါက လူဦးရေ သန်း ၄၀ ကျော်သည် မိုဘိုင်းလ်ဖုန်းအသုံးပြုနေကြသည်။
ပုံစာ – စစ်ကောင်စီထိန်းချုပ် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၏ ဆိုက်ဘာလုံခြုံရေး သင်တန်းပို့ချနေသည့် မြင်ကွင်း။
Photo – MOTC