ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ယမန်နေ့ညပိုင်း၌ စစ်ကောင်စီတပ်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
မင်းတပ်မြို့နယ် အမှတ်၃ တိုက်နယ်ဘက်ကျေးရွာဘက်သို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ယမန်နေ့ဇန်နဝါရီလ ၁၀ရက် ည ၁၁နာရီ ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လီလောင်း ရွာအတွင်းသို့ ပစ်ခတ်ခဲ့သည်။
” ညီအစ်မ ၂ ယောက်ကို ထိတာ ။ ၁၇ နှစ်အရွယ်ကလေးမလေးက သေသွားတယ်။ သူ့အစ်မကတော့ နဖူးမှာ ကျည်ရှပ်ထိသွားတယ်။ သတိမရသေးဘူးလို့ပြောတယ် ။ သူ့အဒေါ်နဲ့ သူ့အမတွေကလေ “ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုယနေ့နံနက်ပိုင်းတွင်ပြောသည်။
မင်းတပ်တွင် ယခုလ ပထမအပတ်တွင်းမှစ၍ ဖုန်းလိုင်းများဖြတ်တောက်ပြီးနောက် စစ်ကောင်စီက မြေပြင်စစ်ကြောင်း ၂ကြောင်းဖြင့် စစ်ကြောင်းထိုးခဲ့သည့်အပြင် လေကြောင်းမှလည်း တိုက်ခိုက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ယောနယ် ထီးလင်းဘက်ကမှမင်းတပ် မြို့နယ် ၊ တိုက်နယ် အမှတ် (၁) ဘက်ကိုစစ်ကြောင်း တစ်ကြောင်းနှင့်မင်းတပ်နယ်မြေခံတပ်ရင်း ခလရ (၂၇၄)မှ တိုက်နယ် အမှတ် ၃ ဘက်ကိုစစ်ကြောင်းတစ်ကြောင်း ထိုးခဲ့သည်။
အဆိုပါစစ်ကြောင်းများ ထိုးခဲ့သည့်နှင့်တပြိုင်နက် စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်းကို ဇန်နဝါရီလ ၇ရက်၊ ညသန်းခေါင်ကျော်ချိန်၌ ဂျက်ဖိုက်တာ တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲချခဲ့သည်။
မြေပြင်စစ်ကြောင်းထိုးမှုအတွင်း၌ဒေသခံတချို့ ဖမ်းဆီးခံရမှုများရှိပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်ဆီးမှုအခြေအနေများကို ဖုန်းလိုင်းအခက်များကြောင့် အတိ အကျ မသိရှိရသေးပေ။
ပုံစာ-ပုံစာပြီးခဲ့သောနှစ်နိုဝင်ဘာလအတွင်း၌ စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်လပလုံတွီကျေးရွာကို ဝင်စီးပြီး စစ်ဘေးရှောင်များအား အစုလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဥ်။