မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးကို စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေး ဝန်ကြီးဌာန လမ်း ညွှန်မှုဖြင့် လုံခြုံရေး တင်းကြပ်ထားသည်ဟု အကျဉ်း ထောင်နှင့် နီးစပ်သူများကပြောသည်။
ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပုသိမ်ထောင်မှူး ဦးဆောင်သည့် ထောင်အာဏာပိုင်များက ရိုက်နှက်မှုများကြာင့် ဇန်နဝါရီလ ၆ ရက်မနက်ပိုင်းတွင် ပုသိမ်ထောင်တွင်းဆန္ဒပြမှုများ ဖြစ်ပွါးခဲ့သည်။
ထောင်ဆူပူမှုကို ပုသိမ်မြို့ရှိ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၆ ရက် မနက် ၉ နာရီခွဲအချိန်မှာ ထောင်တွင်းသို့ ဝင်ရောက် ဖြိုခွင်းရာ ကိုဝေယံဖြိုး ကျည်ထိမှန်၍ သေဆုံးကာ အခြားအကျဉ်းသား ၇၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။
ယင်းဖြစ်စဉ်များ ဖြစ်ပွါးပြီးနောက် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးကို ထောင်တွင်း၊ထောင်အပြင်လုံခြုံရေးများ တင်းကြပ်ထားရန် စစ်ကောင်စီထိန်းချုပ် ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားခြင်း ဖြစ်သည်။
လုံခြုံရေး တင်းကြပ်မှုများနှင့် အတူ အကျဉ်းသား၊ အချုပ်သားများနှင့်ထောင်အာဏာပိုင်များဆက်ဆံရေး ပိုမိုတင်းကြပ်လာနိုင်ခြေရှိသည်ဟု ထောင်ဝန်ထမ်းဟောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။
“စည်းကမ်းပိုင်းတင်းကြပ်မှုတွေ၊လုံးခြုံရေးပိုင်းတင်းကြပ်မှုတွေရှိလာခဲ့ရင် အကျဉ်သားနဲ့ ထောင် အာဏာပိုင်တွေဆက်ဆံရေးမှာ ပိုပြီး တင်းမာမှုတွေ ရှိလာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ထိန်းချုပ်ထားသည့်ကာလများတွင် ရန်ကုန် အင်းစိန်ထောင် အပါအဝင်ကရင်ပြည်နယ် ဘားအံထောင်၊ စစ်ကိုင်းတိုင်းက မုံရွာထောင်နှင့် အခြားထောင်များတွင်လည်း ထောင်တွင်း ဆန္ဒပြမှုများ ရှိခဲ့သည်။
ထောင်တွင်းဆန္ဒပြမှုများ၏ အခြေခံအကြောင်းအရင်းများသည် ထောင်အာဏာပိုင်များ၏ ဥပဒေလက်တစ်လုံးကြားလုပ်ကာ သွေးခွဲအုပ်ချုပ်ခြင်းနှင့် အကျဉ်းသား အချုပ်သား အခွင့်အရေးများကို အပြည့်အဝမပေးခြင်းကြောင့် ဖြစ်သည်ဟု အင်းစိန်ထောင်တွင်းဆန္ဒ ပြမှုတွင် ပါဝင်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးကပြောသည်။
“လိုတဲ့သူကို အခွင့်ရေးပေးပြီး အခြားအကျဉ်းသား အကျဉ်းသူတွေကို ဖိနှိပ်ခိုင်းတယ်။ပိုက်ဆံရှိတဲ့သူကိုတစ်မျိုး၊မရှိတဲ့သူကိုတစ်မျိုးဆက်ဆံတယ်။နိုင်ငံရေးအကျဉ်းသားဆိုရင် ထောင်ထဲမှာ ပညာပြချင်တဲ့ ထောင်အာဏာပိုင်တွေက အခွင့်အရေးတွေကို တင်းကြပ်ထားတယ်။ကျန်းမာရေး စောင့်ရှောက်မှုမရဘူး ။နောက်ဆုံး ဒီဖြစ်ရပ်တွေကိုလက်မခံနိုင်တော့တဲ့အချိန် ထောင်ဆူပူမှုက ဖြစ်တာပဲ“ဟု ၎င်းက ပြောသည်။
ထောင်တွင်း ဆန္ဒပြမှုများဖြစ်ပေါ်ပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထောင်ပြင်ပတွင် လက်နက်အပြည့်အစုံဖြင့်လုံခြုံရေး ချထားပြီး ထောင်ဝန်ထမ်းများလည်း ဝန်ထမ်းအိမ်ရာကိုပင် ပြန်ခွင့်မရှိဟု အင်းစိန်ထောင်အရာရှိတစ်ဦးက ပြောသည်။
“အင်းစိန်ထောင်ဆူတုန်းကလည်း တစ်လလောက် စစ်တပ်က တပ်စွဲထားတယ်။ထောင်ဝန်ထမ်းတွေကိုလည်းနေရာပြောင်းတော ရာထူးလျော့တာ လုပ်တယ်၊ ထောက်လှမ်းရေးကို နေ့စဉ်သတင်းပို့ရတယ်။ထောင်ဝန်ထမ်းတွေလည်းအိမ်ပြန်လို့တောင်မရဘူး“ဟု ၎င်းက ပြောသည်။
အာဏာသိမ်းပြီးနောက် ထောင်တွင်း ဆန္ဒပြမှုများကို ဖြေရှင်းရာတွင် အကျဉ်းသား ၊အကျဉ်းသူများ သေဆုံးသည့်ဖြစ်စဉ်များကို လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ဥပဒေပညာရှင်များကို စိုးရိမ်မှုများရှိနေသည်။
အကျဉ်းထောင်အာဏာပိုင်များနှင့် လုံခြုံရေး အဖွဲ့အစည်းများက လက်နက်အကူညီမပါဘဲ ဖြေရှင်းသင့်သည့်ဟုဦးခင်မောင်မြင့်က အကြံပြုသည်။
“နှစ်ဖက်စလုံးအတွက် နစ်နာပါတယ်။နှစ်ဖက်စလုံးဆိုတာ အကျဉ်းထောင်အာဏာပိုင် ဝန်ထမ်းတွေနဲ့ အကျဉ်းသား၊အချုပ်သားတွေ ဆက်ဆံရေးကြပ်သွားပြီဆိုတာနဲ့ တစ်ပြိုင်နက် အဲ့ဒီအကျဉ်းသားက ငြိမ်းငြိမ်းချမ်းချမ်း၊အေးအေးချမ်းချမ်းမနေရတော့ဘူး။ထောင်အာဏာပိုင်တွေကလည်း လက်နက်မပါဘဲနဲ့ ဥပဒေအတိုင်းလိုက်နာကြရမယ်၊အကျဉ်သားများကလည်း ဆူပူအကြမ်းဖက်တာမျိုးမဟုတ်ဘဲနဲ့ မိမိ အခွင့်အရေးကို ဥပဒေနဲ့အညီတောင်းခံကြမယ်ဆိုရင် ပြဿနာဖြေရှင်းနည်းဖြစ်လေ့မယ်လို့ထင်ပါတယ်“ဟု ၎င်းက ဆိုသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူစုစုပေါင်း (၁၃၃၆၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၉၆၂) ဦးမှာ ထောင်ဒဏ်အသီးသီးချမှတ်ခြင်းခံထားရသည်ဟုနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားသည်။
Photo-FBM