အသက် ၉၀ ကျော် အဖွားအို မီးလောင်သေဆုံး
*****************
ဇန်နဝါရီ ၁၀၊ ၂၀၂၃။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးချိန် အသက် ၉၀ ကျော် အဖွားတစ်ဦး မီးလောင်သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် လက်နက်ကြီးများပစ်၍ ကျေးရွာတွင်းသို့ ဝင်ရောက်လာချိန် အဖွားအိုသည် တိမ်းရှောင်နိုင်ခြင်းမရှိဘဲ တစ်ဦးတည်း ကျန်ရှိခဲ့ခြင်းဖြစ်သည်ဟု မြောင်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ CDSOM မှ ကိုနွေဦးက သံလွင်ခက်ကို ပြောသည်။
“ အဖွားကအသက်လည်းတော်တော်ကြီးပြီလေ။ ကျန်းမာရေးလည်းမကောင်းဘူး။ ကျန်ခဲ့ပြီး မီးထဲပါသွားတာ ” ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီလ ၇ ရက်နေ့က မြင်းခြံမြို့နယ် ဆင်ချောင်းကျေးရွာမှ မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်ဟု မြင်းခြံခရိုင် တပ်ရင်း (၂) တပ်ရင်းမှူး ကိုသိကြားက ပြောသည်။
မီးရှို့ခံရမှုကြောင့် ပန်းညိုကျေးရွာက နေအိမ်နှင့် အဆောက်အဦး ၁၅၀ ခန့် မီးလောင် ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာတွင် ဝင်ရောက်တပ်စွဲနေထိုင်ပြီး ယမန်နေ့ မွန်းလွဲပိုင်းက ပြန်လည်ထွက်ခွာစဉ် မြင်းခြံဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်ဟု ကိုနွေဦးက ပြောသည်။
တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်တစ်ဦး အပါအဝင် တပ်သားသုံးဦးနှင့် ပျူစောထီးအဖွဲ့ဝင်နှစ်ဦး သေဆုံး သွားသည်ဟု ၎င်းက ဆက်ပြောသည်။
“ စစ်ဗိုလ်တစ် ယောက်ကတော့ ဆေးကုနေရတယ်ကြားတယ်။ ဒဏ်ရာရတဲ့သူလည်း များတယ် ” ဟု ကိုနွေဦးက ပြောသည်။
၂၀၂၂ ခုနှစ် မေလ ၁၈ ရက်နေ့ကလည်း မြောင်မြို့နယ် ပန်းညိုကျေးရွာကို မီးရှို့ခဲ့ရာ နေအိမ် ၁၄ လုံး ပျက်စီးခဲ့ဖူးသည်။
ပုံစာ – မီးရှို့ခံရသည့် ပန်းညိုကျေးရွာ။
Photo – Ko Nway Oo Myaung CDSOM Facebook