ဒီပဲယင်းရှိကျေးရွာများ မီးရှို့ခံရမှု၌ မရှောင်တိမ်းနိုင်သည့် အဘိုးအို ၂ ဦး မီးလောင်သေဆုံး
***************************
ဇန်နဝါရီ ၁၀ ၊ ၂၀၂၃ ။
စစ်ကောင်စီတပ်စစ်ကြောင်းက စစ်ကိုင်တိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးစဥ် ကျန်းမာရေးမကောင်း၍ မရှောင်တိမ်းနိုင်သည့် အဘိုးအို ၂ ဦး မီးလောင်သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း၌ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ကျော်မှ နေအိမ် ၃၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သော အင်အား ၁၅၀ နှင့် ၁၈၀ ဦးဝန်းကျင်ရှိ ခမရ ၃၆၄ နှင့် ခလရ ၇၀၁ တပ်တို့က ယခုလအတွင်း၌လည်း ဒီပဲယင်းကျေးရွာများကို ဆက်တိုက်မီးရှို့မှုများ ပြုလုပ်နေသည်။
ယမန်နေ့ ဇန်နဝါရီလ ၉ရက်တွင် အင်တိုင်လေးကျေးရွာ မီးရှို့ဖျက်ဆီးခံရမှု၌ ကျန်းမာရေးမကောင်းသဖြင့် မတိမ်းရှောင်နိုင်သည့် အသက် ၈၅ နှစ်အရွယ် အဘိုးဦးဝန်မြ မီးလောင်သေဆုံးခဲ့ရသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့် ဒီပဲယင်းညီနောင်များအဖွဲ့ တာဝန်ရှိသူက ပြောသည်။
” ပျောက်နေတာ ။ ဒီနေ့မှ ဒီနေ့ Dead Body တွေ့တာ။ ပျောက်နေတဲ့အထဲက တစ်ယောက်သေဆုံးခဲ့တာပေါ့ ” ဟု ၎င်းက ယနေ့တွင် သံလွင်ခက်ကို ပြောသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်တိုင်လေးရွာကိုဝင်ရောက်ချိန်တွင် သက်ကြီးရွယ်အိုများနှင့်အမျိုးသမီးများ ပိတ်မိနေခဲ့ရာ ဒီပဲယင်းPDF တပ်ရင်း ၂၁ ရဲဘော်များက တချို့ကို ကယ်ထုတ်နိုင်ခဲ့ပြီး တချို့မှာ ပျောက်ဆုံးနေခဲ့သည်။
ထိုသို့ ရဲဘော်များကယ်ထုတ်စဥ် သက်ကြီးရွယ်အိုများကို မစွန့်ခွာနိုင်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှ အသက် (၉၀)အရွယ် အဘွားကို ပွေ့ချီကာ ထွက်လာသည်ကို တွေ့ရှိရပြီး မီးဘေးလွတ်ရာ ပေးပို့ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်းက ဇန်နဝါရီလ ၉ရက်၌ အင်တိုင်လေးကျေးရွာနှင့် ချောင်းနားကျေးရွာတို့ကို စစ်ကြောင်းထိုးမီးမရှို့မီ ဇန်နဝါရီလ ၇ ရက်နှင့် ၈ရက်တို့တွင်လည်း ဆပ်ပြာကျင်းကျေးရွာ၊ ဘုတ်ကျေးရွာ၊ ဝန်းရံကျေးရွာနှင့် ကုန်းရိုးကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
အိမ်ခြေ ၇၂ လုံးမီးလောင်ပျက်စီးသွားသည့် ဆပ်ပြာကျင်းရွာ မီးရှို့ခံရမှုတွင် မရှောင်တိမ်းနိုင်ခဲ့သော အသက် ၈၄နှစ်အရွယ် အဘိုး ဦးဖိုးတာ နေအိမ်အတွင်း၌ မီးလောင်သေဆုံးခဲ့ရသည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းက ယခုလအတွင်း၌ ဆိုင်ပြင်မြို့ရှိနေအိမ် ၁၀လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းကျေးရွာ၊ ကြည်ရွာ၊ ဘုရားထွက်ရွာ၊ မကျည်းဆောက်ရွာ၊ ဆပ်ပြာကျင်းရွာ၊ ဘုတ်ရွာ၊ အင်တိုင်လေးရွာနှင့် ချောင်းနားကျေးရွာတို့ကိုလည်း ဇန်နဝါရီလ ၃ရက်မှ ၉ရက်အထိ ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ဒီပဲယင်းညီနောက်များအဖွဲ့၏ လက်တလော ကောက်ယူထားနိုင်သည့် အချက်အလတ်များအရ သိရသည်။