အမှုတစ်မှု ပိတ်သိမ်းရန် သိန်းငါးရာအထိ ပေါက်ကြေးရှိ
**************
ဇန်နဝါရီ ၁၀၊၂၀၂၃။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပုဒ်မ အမျိုးမျိုးတပ်ကာ စွဲဆိုထားသည့် အမှုများကို ပိတ်သိမ်းမည်ဆိုပါက ကျပ်သိန်း ၁၀၀ နှင့် ကျပ်သိန်း ၅၀၀ အကြား ပေါက်ကြေးရှိနေသည်ကို သံလွင်ခက်က စုံးစမ်းသိရှိရသည်။
စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် စစ်ဘက်ရေးရာ ထောက်လှမ်းရေးအဖွဲ့များက ၎င်းတို့သတ်မှတ်ထားသည့် ငွေပမာဏဖြင့် အမှုရုတ်သိမ်းပေးမည်ဟုဆိုကာ တရားစွဲဆိုခြင်းခံထားရသည့် မိသားစုဝင်များကို ကမ်းလှမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။
သံလွင်ခက် သတင်းဌာနက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းမှ အမှုဖွင့်ခံထားရသည့် မိသားစုဝင် ဆယ်ဦးခန့်ကို ဆက်သွယ်ချိတ်ဆက် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းက တရားစွဲဆိုခြင်းခံထားရသည့် မိသားစုဝင်တစ်ဦးက “ ပိုက်ဆံပေးရင် ပုဒ်မတွေပါ ပြောင်းပေးတဲ့အထိပေါ့။အမှုတစ်ခုကို အလွတ်ဆိုရင် သိန်း ၃၄၀ ကနေ့ ၄၈၀ ထိလောက်တောင်းကြတယ်။ အဓိက က တော်လှန်ရေးထောက်ပို့နဲ့ ၅၀၅ တွေပဲ။ ပိတ်သိမ်းဆိုရင်တစ်စျေးနဲ့ ဖြေလျော့ဆိုရင်တစ်စျေး ” ဟု ပြောသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်ဆန္ဒပြသူ များကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုထားပြီး အများစုသည် ထွက်ပြေး တိမ်းရှောင်နေရသည်။
နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် CDMများကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ( က )၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅ (ခ)နှင့် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ဥပဒေပုဒ်မ ၁၂၂ / ၁ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။
ပုဒ်မ ၅၀၅ ဖြင့်တရားစွဲဆိုခံထားရသူများ၏ အမှုများ ပိတ်သိမ်းမည်ဆိုပါက ၁၀ သိန်းနှင့် ၁၅ သိန်းကြား ပေါက်ဈေးရှိသည်ဟု ဧရာဝတီတိုင်းမှ ထွက်ပြေးတိမ်းရှောင်နေရသူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ အိမ်ကိုလာပြောတာပေါ့၊ ရိုးရိုးဆန္ဒပြတာပဲ ဆိုရင် ပြန်ခေါ်လိုက် သူတို့ အမှုပိတ်ပေးမယ်၊ ပြန်နေလို့ရအောင်လုပ်ပေးမယ် ၁၀ သိန်းလောက်တော့ ပေးရမယ် ပြောတယ် ” ဟု ၎င်းက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ထောက်ပံ့သူ၊ ဆက်သွယ်သူ အားပေးကူညီသူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ ( ည )၊ ၅၂ ( က )၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ( လူသတ်မှုအတွက် ပြစ်ဒဏ်)၊ မတရားအသင်အက်ဥပဒေပုဒ်မ ၁၇(၁)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ(၁၂၄) တို့ ဖြင့် တရားစွဲဆိုထားသည်။
အကြောင်းအမျိုးမျိုးကြောင့် အဆိုပါ အမှုများနှင့် တရားစွဲဆိုခြင်းခံထားရသူများ အမှုပိတ်သိမ်းမည်ဆိုပါက သိန်း ၁၀၀ မှ သိန်း ၅၀၀ ကြားပေးမည်ဆိုပါက အမှုပိတ်သိမ်း ပေးမည်ဟု စည်းရုံးပြောဆိုမှုများ ရှိသည်။
ပဲခူးတိုင်းမှ ထွက်ပြေးတိမ်းရှောင်နေရသူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ” ညီမတို့ဒေါ်လေးတွေကတစ်ဆင့် ပြောတာ၊ သိန်း ၁၅၀ လောက်တော့ကုန်မယ်၊ ခံဝန်ထိုးပြီး ပြန်နေလို့ရမယ် ပြောတယ် ” ဟု သံလွင်ခက်ကို ပြောသည်။
သံလွင်ခက်က စုံးစမ်းရရှိသူများ၏ ပြောကြားချက်များအရ အမှုအသေး အကြီးပေါ်မူတည်ကာ အမှုတစ်မှုလျှင် ၁၀ သိန်းမှ သိန်း ၅၀၀ အတွင်း ရှိနေသည်။
စစ်အာဏာသိမ်းပြီးနောက် ထွက်ပြေး တိမ်းရှောင်နေရသည့် ဝန်ထမ်းများ တတ်သိပညာရှင်များနှင့် နယ်ပယ်အသီးသီးကပုဂ္ဂိုလ်များ ပြန်လာရင် အမှုပိတ်သိမ်းပေးမယ်လို့ စစ်ကောင်စီကလည်းတရားဝင်ကြေညာမှုများလည်းရှိသည်။
သို့သော်လည်း လူသေစေမှု၊ ဗုံးခွဲ၊ မီးရှို့၊ လုယက်သူများနှင့် နိုင်ငံပိုင်အဆောက်အအုံများကို ဖျက်ဆီးသူများကို အမှုပိတ်သိမ်းပေးမည်မဟုတ်ဟု စစ်ကောင်စီက ကြေညာသည်။
လတ်တလောတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှား သူများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို စစ်ကောင်စီ လက်အောက်ခံတရားရုံးများက အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်နေသည်။
ပုံစာ – ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်နေသည့် မြင်ကွင်းများ။
Photo – AK