NUG၏ ဧရာ၀တီတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က မတရားပြုကျင့်ခံရသည့် နိုင်ငံရေးအကျဥ်းသားများအတွက် တရားမျှတမှုရရှိရေး ဆောင်ရွက်မည်
***********************************
ဇန်နဝါရီ ၉၊ ၂၀၂၃ ။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ ဧရာ၀တီတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က မတရားပြုကျင့်ခံရသည့် နိုင်ငံရေးအကျဥ်းသားများ အတွက် တရားမျှတမှုရရှိရေး ဆောင်ရွက်သွားမည်ဟု ယနေ့တွင် ထုတ်ပြန် ကြေညာသည်။
ယခုလ ဇန်နဝါရီ ၅ ရက်တွင် စတင်ခဲ့ဖြစ်ပွားခဲ့သော ပုသိမ်အကျဉ်းထောင် အဓိကရုဏ်းဖြစ်စဥ်အတွင်း၌ စစ်အုပ်စု၏ လက်အောက်ခံ ထောင်အာဏာပိုင်များမှ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအား လူကိုသေစေနိုင်သည့် လက်နက်များဖြင့် ပစ်ခတ်ခြင်း၊ အသံဗုံးခွဲခြင်း၊ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်ခြင်း၊ လက်ပြန်ကြိုးတုပ်ပြီး အပြင်းအထန် ရိုက်နှက်ခြင်း တို့ကြောင့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး တစ်ဦး သေဆုံးခဲ့ရပြီး၊ ပျောက်ဆုံးသူ တစ်ဦးနှင့် နိုင်ငံရေးအကျဉ်းသား အများအပြား အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တာရာယ် စိုးရိမ်ရသူများလည်း ရှိသည်ဟု သိရသည်။
” ဒဏ်ရာပြင်းထန်တဲ့လူတွေက ရှိနေသေးတော့ အသက်အန္တရာယ်ရှိနေတယ်လို့ပြောရမယ်။ တစ်ချို့ဆို ထမင်းမစားနိုင်တာစဖြစ်တဲ့ရက်ထဲက ။ တစ်ယောက်ကတော့ သတိရလိုက်လစ်လိုက် ဖြစ်နေတာ ” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက သံလွင်ခက်ကို ယနေ့တွင် ပြောသည်။
မြန်အောင်မြို့နယ်မှ မူလတန်းCDM ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို စစ်ကောင်စီက ပြီးခဲ့သောဒီဇင်ဘာလ ၃၀ရက်တွင် သေဒဏ်ချမှတ်၍ ဟင်္သာတအကျဥ်းထောင်မှ ပုသိမ်အကျဥ်းထောင်သို့ပြောင်းရွေ့ခဲ့ပြီး အဆိုပါမတရားပြစ်ဒဏ်ချမှတ်မှုကို မကျေနပ်သဖြင့် ကိုဝင်းမင်းထက်(ခ)ကိုမဲကြီး ခေါင်းဆောင်သည့် နိုင်ငံရေးအကျဉ်းသား (၈)ဦးက ထောင်အာဏာပိုင်များကို ကန့်ကွက်ခဲ့ကြသည်။
ထို့နောက် အဆိုပါ နိုင်ငံရေးအကျဥ်းသား ၈ဦးကို ဇန်နဝါရီ ၅ ရက်၊ ည ၁၁နာရီခန့်တွင် ထောင်အာဏာပိုင်များက ညဘက်အခန်းထဲမှခေါ်ထုတ်ပြီး နာရီပေါင်းများစွာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့သောကြောင့် ဇန်နဝါရီလ ၆ရက်တွင် နိုင်ငံရေးအကျဥ်းသားများနှင့် ထောင်လုံခြုံရေးဝန်ထမ်းများအကြား အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဥ်တွင် အင်အား ၅၀ ဦးခန့်ရှိ ထောင်အာဏာပိုင်နှင့် ထောင်ဝန်ထမ်းများ၊ ရဲနှင့် တပ်ရဲပြေးအကျဥ်းကျနေသူများက နိုင်ငံရေးအကျဥ်းသားများကို ပစ်ခတ်၊ ရိုက်နက်မှုများ ကျူးလွန်ခဲ့သည်ဟု ဧရာဝတီတိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဖော်ပြထားသည်။
ထောင်အာဏာပိုင်များနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အသက် ၃၃ နှစ်အရွယ်ရှိ ကိုဝေယံဖြိုး(ခ) ကိုရာစု ကျဆုံးခဲ့ရပြီး ပြင်းထန်ဒဏ်ရာရသူများအပါအဝင် နိုင်ငံရေးအကျဥ်းသား ၇၀ ဦး နီးပါးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် ကိုဝင်းမင်းထက်ခေါ် (ခ) ကိုမဲကြီးမှာ ယနေ့အထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
” ကိုမဲကြီးကတော့ ပျောက်နေတာ။ ထောင်ဘက်ကလဲ ဘာမှမဆက်သွယ်လာတဲ့အတွက် သေလားရှင်လားဆိုတာ အတည်ပြုလို့မရသေးဘူး ” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ယနေ့တွင် သံလွင်ခက်ကို ပြောသည်။
ပုသိမ်ထောင်ဖြစ်စဉ်သည် အင်အားအလွန်အကျွံသုံး၍ အသက်သေဆုံးစေသည့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အကျဉ်းထောင်တွင်း မတရားညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဥပဒေမဲ့ မတရားသတ်ဖြတ်ခြင်း ကို ကျူးလွန်ကြောင်း ထင်ရှားသည့်အတွက် အကြမ်းဖက်စစ်အုပ်စုနှင့် တကွ သက်ဆိုင်ရာ ထောင်အာဏာပိုင်များ၊ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများ၊ အမိန့် ပေးစေခိုင်းသူများနှင့် ကိုယ်တိုင်ကျူးလွန်သူများ အားလုံး ယခုဖြစ်စဥ်အပေါ် အစအဆုံး ပါဝင်ခဲ့သူများ အဖြစ် မလွှဲမသွေ တာဝန်ခံရမည်ဟု ဧရာဝတီတိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်သည်။
ထိုကဲ့သို့ ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်း နှင့် မတရားညှဉ်းပန်းနှိပ်စက်ခြင်းများ အပေါ် ဧရာဝတီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချလိုက်ပြီး မတရား ကျူးလွန်ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားများ အားလုံး အတွက် တရားမျှတမှု ရရှိနိုင်ရေးကို ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ဧရာဝတီတိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ(ပကဖ) STF ၊ UG ၊ LDF အဖွဲ့များနှင့် ပူးပေါင်းကာ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းများနှင့်အညီ ထိရောက်သည့် စစ်ရေးစီမံချက်များ ဖော်ဆောင်နိုင်ရန် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် တရားဝင် အသိအမှတ်ပြု ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်သည်။