CDM ကျောင်းဆရာ သေဒဏ်ချခံရမှု ပညာရေးအသိုင်းအဝိုင်း အပြင်းအထန် ကွန့်ကွက်
******************************
ဇန်နဝါရီ ၉၊ ၂၀၂၃။
မြန်အောင်မြို့နယ်မှ မူလတန်း CDM ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို စစ်ကောင်စီက သေဒဏ် ချမှတ်လိုက်ခြင်းအပေါ် ပညာရေးအသိုင်းအဝိုင်းက ကန့်ကွက်မှုများ အပြင်းအထန် ပြုလုပ်ခဲ့ကြသည်။
အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ BEGSC က ဦးဆောင်ပြီး သေဒဏ်ချမှုကို ကန့်ကွက်သည့် အွန်လိုင်းကမ်ပိန်းတစ်ခုကို ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ ငါးရက်ကြာ ပြုလုပ်ခဲ့ကြသည်။
စစ်ကောင်စီ၏ မတရား ပြစ်ဒဏ်ချမှတ်မှုများ ဖီဆန်၊ ဆန့်ကျင်ရန်နှင့် CDM ကျောင်းဆရာ သေဒဏ်ချမှတ်ခံရမှုကို ပြည်သူများပိုမိုသိရှိပြီး နိုင်ငံတကာကပါ အရေးစိုက်လာစေရန် ” Stop Executing Our Teacher ” စာသားဖြင့် အွန်လိုင်းကမ်ပိန်း လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကမ်ပိန်းအတွင်း၌ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြေပြင်အခြေပြုကျောင်းများ၊ ဖက်ဒရယ်ပညာရေး အွန်လိုင်းတက္ကသိုလ်များ ပညာရေးသပိတ်ကော်မတီများ အပါအဝင် ပညာရေးအသိုင်းအဝိုင်းက အဖွဲ့အစည်းများ ပါဝင်ခဲ့ကြသည်။
ဆရာကောင်းခန့်ကျော်ကို မတရားသေဒဏ်ချမှတ်ခြင်းသည် ပညာရေးဝန်ထမ်းများထဲတွင် ပထမဆုံးဖြစ်ကြောင်း၊ ကျောင်းဆရာတင်မဟုတ်ဘဲ မည်သူ့ကိုမဆို မတရား သေဒဏ်ချမှတ်ခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း BEGSC ဗဟိုကော်မတီဝင် ဆရာနောင်ချိုက ပြောသည်။
” CDM လုပ်ရုံလောက်နဲ့ သေဒဏ် ချစရာမလိုဘူး။ ကျောင်းဆရာဆိုတာ စာသင်ကြားတာနဲ့ တခြားပညာရေးအလုပ်တွေပဲလုပ်တာ ခုလိုအမိန့်ချတာက လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ထိခိုက်အောင်လုပ်နေတဲ့သဘောပဲ ” ဟု ဆရာနောင်ချိုက ဆိုသည်။
ကလေးများကို ပညာတတ်အောင်သင်ပေးနေသည့် ကျောင်းဆရာကို သေဒဏ်ပေးခြင်းသည် မတရားအမိန့်ဖြစ်ကြောင်း၊ မတရားဥပဒေများကို ပြည်သူ့အားဖြင့် ဖီဆန်ရမည်ဖြစ်ကြောင်း အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို) ရဲ့ဥက္ကဋ္ဌ သူရိယစန္ဒာက တိုက်တွန်းပြောကြားထားသည်။
” အပြစ်မဲ့ကျောင်းဆရာကိုသတ်တာဟာ ပညာရေးကိုသတ်တာပဲ၊ ပညာရေးဆိုတာ နိုင်ငံရဲ့အသက်သွေးကြောပဲ အဲဒါကြောင့် နိုင်ငံကိုသတ်နေခြင်းရဲ့ လက္ခဏာပဲဖြစ်တယ် ” ဟု ၎င်း၏ သဘောထားကို ပြောပြသည်။
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် အတွင်းရှိ သပြေကုန်းကျေးရွာတွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် မူလတန်းပြကျောင်းဆရာ ဦးကောင်းခန့်ကျော်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ဖြစ်သည်။
ဦးကောင်းခန့်ကျော်သည် စစ်ကောင်စီသတင်းပေး ဝင်းညွန့်အောင်(ခေါ်) ဂျပ်ကြီးကို သတ်ဖြတ်ခံရမှုနှင့် ပတ်သတ်ပြီး ၂၀၂၂ခုနှစ် အောက်တိုဘာလအတွင်း ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ဟင်္သာတထောင်တွင်းတရားရုံးက ကိုကောင်းခန့်ကျော်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၁(က)နှင့် လူသတ်မှု ပုဒ်မ ၃၀၂ (၁)ဂ ပုဒ်မစုစုပေါင်းသုံးခုဖြင့် သေဒဏ်ချမှတ်ခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
” သူကစိတ်ဓာတ်အတော်မာတယ် အရင်ကလည်း ရပ်ရွာအပေါ် တအားကူညီပေးခဲ့တာ ဖမ်းခံရကတည်းက သေဒဏ်ချခံရမယ်ဆိုတာလည်း သိနေတာ ” ဟု သပြေကုန်းရွာနေ နီးစပ်သူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ဦးကောင်းခန့်ကျော်ကို သေဒဏ်ချမှတ်ခဲ့သည့်နေတွင် စစ်ကောင်စီက ၎င်းအား ဟင်္သာတအကျဥ်းထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု သိရသည်။
အာဏာသိမ်းကာလ၌ သေဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခြင်းခံထားရသူ ၁၀၀ ဦး၊ မျက်ကွယ်သေဒဏ်ချခံရသူ ၄၂ ဦး စုစုပေါင်း ၁၄၂ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇန်နဝါရီ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။