KNLA တပ်မဟာ ၅ တွင်လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရ၍ ပြည်သူ ၆ဦး သေဆုံး
******************************
နန်းစုပန်ခန့်
ဇန်နဝါရီ ၉၊ ၂၀၂၃ ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် ၅ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့သည်ဟု ယနေ့တွင် တပ်မဟာ ၅ မူတြော်သတင်းစဥ်က ဖော်ပြထားသည်။
ဇန်နဝါရီလ ၇ ရက်၊ နံနက် ၁၀ နာရီတွင် ဒွဲ့လိုးမြို့နယ်၊ မဲ့သူ့အုပ်စု၊ လန့်ထူ့ဖိရွာ အတွင်းသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်၊ ဗုံးကြဲခဲ့ရာ ပြည်သူ့ဆေးရုံအပါအဝင် နေအိမ် အဆောက်အဦး ၇ လုံး ပျက်စီးခဲ့သည်။
ထို့နောက် နံနက် ၁၀ နာရီခွဲ အချိန်တွင် စစ်ကောင်စီတပ်က ဒွဲ့လိုးမြို့နယ်၊ မဲ့သူ့အုပ်စု၊ ယာယီထာ့ရွာအတွင်းသို့
လေယာဥ်ဖြင့် ဗုံး ၄ လုံး ကြဲခဲ့ရာ ဒေသခံ ဒေါ်နွယ်နီ၊ ၎င်း၏သား ၂ ဦး၊ ချွေးမ ၁ ဦးနှင့် အိမ်အလုပ်သမား ၂ ဦး စုစုပေါင်း ၆ ဦးတို့ သေဆုံးခဲ့သည်။
အလားတူ ဇန်န၀ါရီလ ၇ရက်၊ နံနက် ၁၀း၁၀ နာရီ အချိန်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဥ် ၂ စီးဖြင့် ဒေဘိုးနိုဒေသအတွင်းသို့ ဗုံး ၄ လုံး ဖြင့် လာရောက်ကြဲချခဲ့ရာ ရွာသား ၁ ဦး ဒဏ်ရာရရှိပြီး အဆောက်အဦး ၁ လုံးနှင့် မော်တော်ယာဥ် ၁ စီး ပျက်စီးခဲ့သည်။
ဇန်နဝါရီလ ၇ ရက်တွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် အကြိမ်များစွာ လာရောက်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့နံနက် ၀၇း၄၀ နာရီမှ ၀၉း၀၀ နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်မှ တိုက်လေယာဥ် ၇ စီးဖြင့် ဗုံး ၂၀လုံးခန့် လာရောက်ကြဲချခဲ့ရာ ရွာသားများ၏ လုပ်ငန်းခွင်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံး ဇန်နဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ နှုတ်ထွက်၊ ထွက်ခွာကြရန် တပ်မဟာ ၅ က ဇန်နဝါရီလ ၁ရက်တွင်စာထုတ် သတိပေးထားပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေယာဥ်ဖြင့် ဗုံးကြဲမှုများအပါအဝင် အရပ်သား ပစ်မှတ်တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်နေခဲ့သည်။
ဇန်နဝါရီလ ၂ရက်တွင် စစ်ကောင်စီတပ်က ဖာပွန်မြို့၊ ရပ်ကွက် ၃ ဒေသခံတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ဇန်နဝါရီလ ၄ ရက်တွင်လည်း စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးထိမှန်၍ ဒေလောပူရွာသားတစ်ဦး သေဆုံးခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၃ ရက်၊ နံနက်၁၀ နာရီအချိန်တွင်လည်း စစ်ကောင်စီက တိုက်လေယာဉ် ၄ စီးဖြင့် တပ်မဟာနယ်မြေအတွင်းရှိ မဲဝေ့အုပ်စု၊ မဲဝေ့ရွာ၊ တိုမဲ့ခီးရွာ၊ ခလို့ခီးရွာများအတွင်းသို့ ဗုံးအလုံး ၅၀ ကျော် ကြဲချခဲ့သည်။
တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသောကြောင့် KNLA တပ်ဖွဲ့ဝင်များကလည်း စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်နေရာ နေ့စဥ်နီးပါး ထိတွေ့မှု ရှိနေသည်ဟု မူတြော်သတင်းက ဖော်ပြထားသည်။
KNU မူတြော်ခရိုင်၊ အမှတ် (၅) တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီစစ်တပ်၊ စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် (၅) တပ်မဟာ တပ်ဖွဲ့ဝင်များအကြား ၂၀၂၂ ခုနှစ်၊ ၁ နှစ်အတွင်း၌ တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတက်ဘက်မှ ၁၃၀၇ ဦး သေဆုံးခဲ့သည်။
ပြီးခဲ့သည့် နှစ်အတွင်း၌ တိုက်ပွဲပေါင်း ၂၇၀၀ ကျော်အထိ ဖြစ်ထားသည့် တပ်မဟာ ၅နယ်မြေနယ်၌ စစ်ကောင်စီတပ်စခန်းများ လုံးဝရုတ်သိမ်းရန်နှင့် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရား မရှိစေရန် ဆောင်ရွက်နေပြီး ဖာပွန်၊ ကမမောင်းမြို့တို့မှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းအားလုံး ဇန်နဝါရီလ ၁ရက်မှ ၁၀ရက်အတွင်း နှုတ်ထွက်၊ ထွက်ခွာကြရန် သတိပေး ကြေညာထားသည်။