လေးကေ့ကော်တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ဒဂုံတက္ကသိုလ်စိတ်ပညာ ကျောင်းသားအား ကျောင်းသားအာဇာနည်ဘွဲ့အပ်နှင်း
*******************************
ဇန်နဝါရီ ၇ ၊ ၂၀၂၃ ။
ပြည်သူများစစ်ဘေးရှောင်တိမ်းနိုင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တားဆီးပစ်ခတ်ပေးရင်း ကျဆုံးခဲ့ရသည့် ဒဂုံတက္ကသိုလ်စိတ်ပညာကျောင်းသား ကိုထွန်းအောင်ဝေအား ကျောင်းသားအာဇာနည်ဘွဲ့အပ်နှင်းလိုက်သည်ဟု ယနေ့တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။
ဒဂုံတက္ကသိုလ်၊ စိတ်ပညာကျောင်းသား၊ ကိုထွန်းအောင်ဝေ(၂၅နှစ်)သည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၇ရက်တွင် လေးကေ့ကော်တိုက်ပွဲ၌ စစ်ဘေးရှောင်ပြည်သူများ၊ တောင်ပေါ်သို့သွားရောက် ရှောင်တိမ်းနိုင်ရန် KNUတပ်ဖွဲ့ဝင်များနှင့်အတူ စစ်ကောင်စီတပ်များကို ပစ်ခတ်တားဆီးနေစဉ် ကျဆုံးခဲ့သည်။
ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့၊ ဆည်းဆာရေကန်အနီး၌ လက်နက်ကြီးထိမှန်၍ ဂုဏ်ရောင်ထွန်းပြောင်စွာ အသက်ပေးလှူ ကျဆုံးခဲ့သောကိုထွန်းအောင်ဝေ၏ စွန့်လွှတ်ခဲ့မှုအပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားများသမ္မဂ္ဂနှင့် ကျောင်းသားထုက အစဉ်အမြဲအောက်မေ့ ဦးညွတ်လျက်ရှိသည်။
ထို့ကြောင့် ကိုထွန်းအောင်ဝေ၏ တော်လှန်ရေးအတွက် အသက်ပေးဆပ် စွန့်လွှတ်မှုကို အလေးအမြတ်ပြုသောအားဖြင့်လည်းကောင်း၊ ကျောင်းသားမျိုးဆက်အသီးသီးတို့အတွက် စံနမူနာဖြစ်စေရန်အတွက် လည်းကောင်း ရည်ရွယ်၍ ကိုထွန်းအောင်ဝေကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမ္မဂ္ဂမှ ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းလိုက်သည်။
အရေးပေါ်ကာလရုပ်သိမ်းပြီးချိန် (တစ်နည်းအားဖြင့်) နွေဦးတော်လှန်ရေးအောင်မြင်ပြီးချိန်တွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူလူထု၏ ရှေ့မှောက်တွင် ကျန်ရစ်သူမိသားစုများအား အခမ်းအနားဖြင့် ထိုဘွဲ့ကိုပေးအပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်မော်ကွန်းတိုက်၊ ကျောင်းသားသမ္မဂ္ဂ မော်ကွန်းတိုက်များတွင် မော်ကွန်းမှတ်တမ်းအဖြစ်ထားရှိသွားမည်ဖြစ်သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမ္မဂ္ဂက အသိပေးထုတ်ပြန်သည်။