ဘုရားသုံးဆူ၊ တောင်စွန်းတိုက်ပွဲ စစ်ကောင်စီဘက်မှ ၈၀ ဦးသေဆုံးပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ၉ ဦးကျဆုံး
*****************************
ဇန်နဝါရီ ၇ ရက်၊ ၂၀၂၃။
KNU တပ်မဟာ ၆ နယ်မြေ၊ ဘုရားသုံးဆူမြို့နယ်၊ တောင်စွန်းကျေးရွာရှိ စစ်ကောင်စီ စခန်းကုန်းများကို
KNLAနှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးခန့်ထိ သေဆုံးခဲ့သည်ဟု ယနေ့တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က သတင်းထုတ်ပြန်သည်။
တောင်စွန်းရှိ စစ်ကောင်စီစခန်းကုန်းအား KNLA တပ်ရင်း ၁၆ မှတပ်ဖွဲ့ဝင်များ၊ တပ်မှုး ဗိုလ်အောင်စံရှားကိုယ်တိုင်ဦးဆောင်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F နှင့် ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော Lion battalion စစ်ကြောင်းတို့ပူးပေါင်း၍ ဇန်နဝါရီလ ၁ ရက်၊ နံနက် ၄း၄၅ နာရီ မှစတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၁ ရက်မှ ၅ ရက် နေ့အထိ ငါးရက်ဆက်တိုက် ကြာမြင့်ခဲ့ပြီး နေ့ရောညပါ တိုက်ပွဲပြင်းထန်ခဲ့သည်။
တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများနှင့် ခြေလျင်စစ်ကူများဖြင့် အလုံးအရင်း တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများမှ ငါးရက်ကြာသည်အထိ ပိတ်ဆို့တားဆီးကာ အပြင်းအထန် တိုက်ခိုက်နိုင်ခဲ့သည်။
တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ လက်နက်ကြီးများ၊ ဒရုန်းဗုံးသီးများ၊ စနိုက်ပါများနှင့် ချေမှုန်းရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးခန့်အထိ သေဆုံးခဲ့ပြီး ၁၀၀ ဦးကျော် ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
တော်လှန်ရေးအင်အားစုများမှ S.O.F တပ်ဖွဲ့ဝင် ရဲဘော် ၆ ဦး၊ ပူးပေါင်းအဖွဲ့များမှ ရဲဘော် ၃ ဦး စုစုပေါင်း ၉ ဦးကျဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။
ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများအား ပြန်လည်သယ်ယူခဲ့ပြီး အမိန့်ပြန်၍ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ပြီ ဖြစ်သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.Fက ဖော်ပြထားသည်။
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး