KNU တပ်မဟာ ၅ နယ်မြေတစ်နှစ်တာအတွင်းတိုက်ပွဲ၌ စစ်ကောင်စီနှင့်BGF တပ်ဖွဲ့ဝင် ၁၃၀၀ ကျော်သေဆုံး၊
တပ်ရင်မှူး ၂ ဦး၊ ဒုတပ်ရင်းမှူး ၅ ဦးအပါအဝင် စစ်ကောင်စီ အရာရှိ ၂၉ ဦးသေဆုံးမှု၌ ပါဝင်
*****************************
ဇန်နဝါရီ ၇ ၊ ၂၀၂၃ ။
ကရင်အမျိုးသားအစည်းအရုံး KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် (၅) တပ်မဟာ ထိန်းချုပ်နယ်မြေတွင် ပြီးခဲ့သော ၂၀၂၂ ခုနှစ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၁၃၀၇ ဦးသေဆုံးခဲ့သည်ဟု ယနေ့တွင် မူတြော်သတင်းစဥ်က ထုတ်ပြန်ထားသည်။
KNU မူတြော်ခရိုင်၊ အမှတ် (၅) တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီစစ်တပ်၊ စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် (၅) တပ်မဟာ တပ်ဖွဲ့ဝင်များအကြား ၂၀၂၂ ခုနှစ်၊ ၁ နှစ်အတွင်း၌ တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲများအတွင်း၌ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များ ၁၃၀၇ ဦး သေဆုံးခဲ့ပြီး ၉၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ သေဆုံးသူများထဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၂ ဦး၊ ဒု-တပ်ရင်းမှူး ၅ဦး၊ ဗိုလ်ကြီး ၆ဦး၊ ဒုတိယဗိုလ် ၆ ဦး၊ တပ်ကြပ်ကြီး ၉ဦး၊ တပ်ကြပ် ၁ဦးတို့ပါဝင်ခဲ့သည်။
ထိခိုက်ဒဏ်ရာ ရသူများထဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၄ ဦး၊ ဒု-တပ်ရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၂ဦး၊ ဗိုလ် ၁ ဦး၊ ဒု-ဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနှင့် ဒု-တပ်ကြပ် ၁ ဦး ပါဝင်ခဲ့သည်။
ထို့ပြင် စစ်ကောင်စီ၏ မြင်းအကောင် ၆၀ သေဆုံးခဲ့ပြီး ၂၃ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် (၅) တပ်ဖွဲ့ဝင်များက စစ်ကောင်စီ၏ ကား ၅၅ စီး၊ စစ်ကောင်စီအသုံးပြုသည့် တံတား ၈ စင်းနှင့် အဆောက်အဦး အလုံး ၂၀ ကို ဖျက်ဆီးခဲ့သည်။
တစ်နှစ်အတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် ကော်သူးလေသုမူဒို KNLA အမှတ် (၅) တပ်မဟာ တပ်ဖွဲ့ဝင် ၅၀ ဦးကျဆုံးခဲ့ပြီး ၁၈၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပြီးခဲ့တဲ ၂၀၂၂ ခုနှစ်၊ တစ်နှစ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မူတြော်ခရိုင်၊ ဒေသခံပြည်သူများ နေထိုင်သည့် ကျေးရွာနှင့် လုပ်ငန်းခွင်များထဲကို လက်နက်ကြီး အလုံးရေ ၂၀၀၁ လုံးပစ်ချခဲ့ပြီး၊ လေယာဉ်ဖြင့် ၃၅ ကြိမ်၊ ဗုံးသီးကြီး ၁၈၂ လုံး ကြဲချခဲ့သည်။
စစ်ကောင်စီစစ်တပ်မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၄၁ ဦးသေဆုံးခဲ့ပြီး၊ ၉၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့ပြင် ဒေသခံပြည်သူများ၏ နေအိမ် ၉၆ လုံး၊ ဘုးရားရှိခိုးကျောင်း ၂ လုံး၊ စပါးကျည် ၁၀ လုံး၊ စပါးကြိတ်စက် ၂လုံးပျက်စီးခဲ့ပြီး ဒေသခံများ၏ ကျွဲ ၉ ကောင်၊ နွား ၇ ကောင်လည်း သေဆုံးခဲ့ကာ ဒေသခံပြည်သူများ၏ ဆန် ၁၂ အိတ်၊ ထိုင်းဘတ်ငွေ (၅၀၀,၀၀) ငါးသောင်းကျော်တို့ အတင်းအဓမ္မ လုယူခံခဲ့ရသည်။
စစ်ကောင်စီစစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်နှင့်ငွေကြေး ကာလတန်းဖိုး မြန်မာငွေသိန်းတစ်ထောင်ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။