ချင်းလူငယ်များ ပြည်ပ ထွက်ခွာမှုများလာ
**********************
ဇန်နဝါရီ ၇၊ ၂၀၂၃။
ချင်းပြည်နယ်တွင် နေထိုင်သည့် လူငယ်များသည် ပြည်ပသို့ ထွက်ခွာသူ များလာသည်ဟု ဒေသခံများက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှုနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် နေရပ်မှ အခြားနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်ကိုင်နေခြင်း ဖြစ်သည်။
ချင်းပြည်နယ် တောင်ပိုင်းရှိ အချို့ကျေးရွာများတွင် လူငယ်လေး၊ ငါးဦး ခန့်သာ ကျန်ရှိပြီး ထိုသူများလည်း ပြည်ပသို့ ထွက်ခွာနိုင်ရန် ပြင်ဆင်ကြိုးစားလျက်ရှိသည်ဟု အသက် ၄၀ အရွယ် ပလက်ဝ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
” အဓိကက စစ်ရေးပဋိပက္ခကြောင့်ပေါ့ဗျာ။ ဒီမှာကအလုပ်အကိုင်လည်းမရှိ တောင်ယာတွေလဲ ခုတ်လို့မရ။ သွားလို့လာလို့မရ၊ စစ်ပွဲတွေလည်းဖြစ်တော့ ပြည်ပထွက်တာပဲ။ အသက်ငါးဆယ်နဲ့ ခြောက်ဆယ်နီးပါးတွေတောင် သွားဖို့လုပ်နေကြတယ် ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ရှိ ဒေသခံဝန်ထမ်းများသည် CDM ပြုလုပ်ပြီး စိုက်ပျိုးရေးလုပ်ကိုင်နေသူများလည်း ရှိသည်။
” အလုပ်ကထွက် စိုက်ပျိုးရေးလုပ်ပြန်တော့ ဒီဘက်မှာ အဓိကစိုက်တဲ့ ဝဥ ဈေးကလည်း ပုံမှန်ရတဲ့ ဈေးထက် ၃ ပုံ ၁ ပုံလောက် ကျသွားတယ်။ ဘာလုပ်လုပ် အဆင်မပြေတော့ နောက်ဆုံး နီးစပ်ရာ နိုင်ငံတွေ ထွက်ကြတာ ” ဟု ကန်ပက်လက် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကန်ပက်လက်မြို့တွင် စီမံအုပ်ချုပ်ရေးအတွက် သီးသန့်ဆောက်လုပ်ထားသော အစိုးရအရာရှိရုံးများ၊ ကာကွယ်ရေးတပ်များ နှင့် အခြားဌာနဆိုင်ရာ ရုံးများရှိသည့်အတွက် ဝန်ထမ်းအများစု နေထိုင်ကြသည်။
စစ်အာဏာသိမ်းပြီးနောက် လူငယ်အများစုသည် စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး အတွက် တိုက်ပွဲဝင်နေသူများရှိသလို လုံခြုံရေးနှင့် စားဝတ်နေရေး အခြေနေများကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မှု တစ်နေ့ထက်တစ်နေ့ မြင့်တက်လာခြင်း ဖြစ်သည်ဟု ချင်းဒေသခံများက ပြောသည်။
ချင်းပြည်နယ် မင်းတပ်ဒေသခံ တစ်ဦးက “ အဓိက ကတော့ စားဝတ်နေရေးခက်ခဲတာလည်းရှိမယ်။ လူငယ်တွေဆိုရင် တော်လှန်ရေးမှာ ပါရင်ပါ မပါရင် ဘာမှလုပ်စရာမရှိတဲ့ အခြေအနေမျိူးဖြစ်တယ်။ စစ်ကောင်စီ ဘက်ကလည်း လူငယ်တွေကို ပစ်မှတ်ထားနေတော့ တော်တော်များများက နိုင်ငံခြားသွားဖို့ ကြိုးစားကုန်ကြတယ် ” ဟု ပြောသည်။
၂၀၂၂ ခုနစ် ဇူလိုင်လမှ ဒီဇင်ဘာလ ခြောက်လအတွင်း မြန်မာနိုင်ငံမှ အလုပ်သမားဗီဇာဖြင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူ တစ်သိန်းခန့်ရှိသည်ဟု အလုပ်သမားအရေးကူညီသူများက ပြောသည်။
အခြားနည်းများဖြင့် ထွက်ခွာ အလုပ်လုပ်နေသည့် လူငယ်များစွာလည်းရှိနေသည်ဟု သုတေသနစစ်တမ်းများက ဖော်ပြထားသည်။
ပြည်ပထွက်အလုပ်လုပ်ရန် ရန်ကုန်မြို့တွင် ခေတ္တနေထိုင်နေသော ချင်းပြည်နယ်၊ မင်းတပ်မြို့က ချင်းလူငယ် ၂၇ ဦးကို စစ်ကောင်စီက နွေဦးတော်လှန်ရေးအင်အားစုများနှင့် ဆက်နွယ်သည်ဟုဆိုကာ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက် က ဖမ်းဆီးခဲ့ဖူးသည်။
ပြည်ပ နိုင်ငံများသို့ အလုပ်လုပ်သူ များလာသည့်အတွက် စစ်ကောင်စီက မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ယာယီပိတ်ထားခဲ့ရသည်။
ချင်းပြည်နယ်သည် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး မြို့နယ် ကိုးမြို့နယ် ရှိကာ လူဦးရေ ငါးသိန်းခန့် နေထိုင်သည့် ပြည်နယ်ဖြစ်သည်။
ပုံစာ – ချင်းစစ်ဘေးရှောင်များ မြင်ကွင်း။
Photo – Mindat IDP Camp