မိုင်းရှင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး မိုင်းထိ သေဆုံး
******************************
ဇန်နဝါရီ ၇ ၊ ၂၀၂၃။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် မိုင်းရှင်းလင်းနေစဉ် ပေါက်ကွဲခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။
ယနေ့ ဇန်နဝါရီလ ၇ ရက် မနက် ၈ နာရီခန့်တွင် ကျောက်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာ နှင့် ညောင်ကုန်းကျေးရွာကြားရှိ ကျောက်ကြီး – နတ်သံကွင်းလမ်းပေါ်တွင် ယင်းဖြစ်စဉ် ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။
ထောင်ထားသည့် မိုင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ရှင်းလင်းခဲ့ရာမှ မိုင်းကွဲ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက် သတင်းဌာနကို ပြောသည်။
” ဒီနေ့မနက် ကားလမ်းမှာ မိုင်းတွေ့တယ်ဆိုပြီး လာရှင်းတာ၊ အဲ့မှာ ရှင်းလင်းနေရင်းနဲ့ ထကွဲတာ၊ ထိခိုက်တာတွေရှိတယ် ” ဟု ဆိုသည်။
မိုင်းရှင်းလင်းနေစဉ် ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သံလွင်ခက်သတင်းဌာနက စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်၊ သပြေကုန်းရွာ ဘုန်းကြီးကျောင်းထောင့်တွင် စစ်ကောင်စီတပ် ရိက္ခာတင်ကားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ဖူးသည်။
ပုံစာ – ကျောက်ကြီးမြို့နယ်အတွင်း သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ / ပုံအဟောင်း
Photo – KNU