KNU အုပ်ချုပ်နယ်မြေတစ်လတွင်း တိုက်ပွဲများ၌ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၂၁၇ ဦးသေဆုံး
*********************************
ဇန်နဝါရီ ၇ ၊ ၂၀၂၃ ။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း၌ ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၂၁၇ ဦး သေဆုံး၍ ၁၇၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်များနှင့် စစ်ကောင်စီတပ်များ၊ ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၃၀၆ ကြိမ် ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများသည် ကေအဲန်ယူတပ်မဟာ ၁၊ တပ်မဟာ ၂၊ တပ်မဟာ ၃၊တပ်မဟာ ၄၊ တပ်မဟာ၅နှင့် တပ်မဟာ ၆ တို့တွင် ဖြစ်ပွားခဲ့ပြီး KNLA နှင့် KNDO တပ်ဖွဲ့ဝင် ၉ ဦးသေဆုံး၍ ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း၌ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများကြောင့် သံဃာ ၂ ပါးနှင့် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ပြီး သံဃာ ၅ ပါးနှင့် ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ပြည်သူ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကေအဲန်ယူဗဟိုက ပြီးခဲ့သော နိုဝင်ဘာလအတွက် သတင်းထုတ်ပြန်မှု၌ တပ်မဟာ ၁ မှ တပ်မဟာ ၆ အထိ တပ်မ ၆ ခုတို့၌ တိုက်ပွဲပေါင်း ၂၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၃၃၃ ဦးသေဆုံးကာ ၂၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။