မောင်တောမြို့မှာ AA နှင့် ရဲတပ်ဖွဲ့တို့အကြား ဆက်ဆံရေးတင်းမာ
*********************
သံလွင်ခက်
ဇန်နဝါရီ ၆၊၂၀၂၃။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့တွင်း တစ်နေရာတွင် ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ လက်အောက်ခံ ရဲဝန်ထမ်းတို့အကြား နှစ်ဖက်အပြန်အလှန် ဆက်ဆံရေး တင်မာမှုများ ရှိခဲ့သည်။
မောင်တောမြို့က Luck တည်းခိုခန့်ရှေ့ ဦးဥတ္တမလမ်းပေါ်တွင် အရပ်ဝတ် ဝတ်ဆင်ထားသည့် AA တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ တို့အကြား နှစ်ဖက်တင်းမာမှု ဖြစ်ပွားခဲ့သည့်အတွက် မြို့ခံများအကြား စိုးရိမ်မှုများ ရှိခဲ့သည်။
မျက်မြင်တွေရှိသူတစ်ဦးက “ အေအေဘက်က ကားတစ်စီးနဲ့ လာကြတာ လူ ၆ ယောက် ၇ ယောက်လောက်ပါတယ်။ အဲ့တာကို ရဲဝန်ထမ်း ၃၀ နီးပါးလောက်က ကားတွေနဲ့လိုက်လာပြီး နှစ်ဖက်အနီးကပ်အပြန်အလှန် သေနတ်နဲ့ ချိန်ထားကြတာ။ ကြောက်ဖို့ကောင်းတယ် ” ဟု ၎င်းက ပြောသည်။
ပစ်ခတ်လုဆဲဆဲ အထိ တင်းမာမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
မောင်တောမြို့နယ်မြောက်ပိုင်း မင်္ဂလာညွန့် စံပြကျေးရွာမှ မြို့ပေါ်သို့ AA တပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော မှန်လုံအိမ်စီးကားတစ်စီးကို မြို့ဝင်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျရဲဝန်ထမ်းများက ရပ်တန့်စစ်ဆေးခဲ့ရာမှ နှစ်ဖက်တပ်ဖွဲ့ဝင်များကြား တင်းမာမှုများ ရှိလာခြင်း ဖြစ်သည်။
“ ကားကိုဂိတ်မှာမရပ်ဘဲ မြို့ထဲဘက်ကို မောင်းလာတယ်။ အဲဒါကိုဘာကြောင့်မရပ်ရလဲဆိုပြီးတော့ ဂိတ်ကရဲတွေက ကားကိုလိုက်ပြီးတော့ ရှေ့ကဖြတ်တားတယ်။ တားတဲ့ရဲကို အေအေက လူတွေက ဘာအတွက်တားတာလဲဆိုပြီးတော့ သေနတ်နဲ့ ပစ်ဖို့ချိန်ခဲ့တယ်လို့ ပြောတယ် ” ဟုမြို့ခံတစ်ဦးက ဆိုသည်။
ပစ်ခတ်ရန် ချိန်ရွယ်ခံရသည့် ရဲဝန်ထမ်းက သက်ဆိုင်ရာ စခန်းသို့ ဖုန်းဆက်အကြောင်းကြားရာမှ မြို့တွင်း တင်းမာမှုထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည် ၎င်းက ဆိုသည်။
“ အပစ်အခတ်ရပ်စဲထားတဲ့အချိန်မို့လို့ နှစ်ဖက် အကြီးပိုင်းတွေက ဟန့်တားလိုက်ကြလို့ ပစ်ခတ်မှုမဖြစ်ခဲ့ကြတာဖြစ်မယ်။ အခုတော့ ငြိမ်သွားပါပြီ မြို့တွင်းမှာ ဘာမှမဖြစ်ခဲ့လို့ တော်သေးတာပေါ့ ” ဟု မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး နှစ်ဖက်တာဝန်ရှိသူများကို သံလွင်ခက်က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်နားလည်မှုဖြင့် ယာယီ အပစ်အခတ်ရပ်စဲထားချိန် ပထမဆုံးအကြိမ် မောင်တောမြို့ပေါ်တွင် နှစ်ဖက်လက်နက် ကိုင်အဖွဲ့အချင်းချင်း တင်းမာမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပုံစာ – မောင်တောမြို့နယ်မြောက်ပိုင်း ကျီးကန်းပြင်-ကြိမ်ချောင်းကားလမ်းပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ။
ဓါတ်ပုံ – (BNA)