သီတဂူဗုဒ္ဓတက္ကသိုလ်၏ အရေးပါသည့် ဆရာတော်အား စစ်ကောင်စီတပ် ပစ်သတ်
*******************************
ဇန်နဝါရီ၆ ၊ ၂၀၂၃ ။
သီတဂူဗုဒ္ဓတက္ကသိုလ်၏ အရေးပါသည့် စာချ ဆရာတော်တစ်ပါးအား စစ်ကောင်စီတပ်က စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာတွင် ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ဇန်နဝါရီလ ၆ ရက်၊ နံနက် ၆နာရီ ခန့်တွင် ဒီပဲယင်းကွဲကျေးရွာ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာသည့် အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းက ဆရာတော်တစ်ပါး၊ PDF တစ်ဦးနှင့် ပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့သည်။
” ရွာကိုမီးရှို့ပြီးတိုက်ခိုက်နေတော့ ကျွန်တော်တို့စစ်ကူသွားပေမယ့် ကျွန်တော်တို့ အနည်းငယ်နောက်ကျသွားတယ်။ ကျွန်တော်တို့သွားတာကလည်း အလှမ်းဝေးတဲ့အခါကျတော့။ နယ်မြေရှင်းလင်းရေးနဲ့ မီးငြှိမ်းသတ်တဲ့အလုပ်ကိုပဲ လုပ်ခဲ့ရတယ် ” ဟု မြင်းခြံခရိုင် ZERO ပြောက်ကျားတပ် ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက သံလွင်ခက်ကို ပြောသည်။
နယ်မြေရှင်းလင်းရေးလုပ်ရာ၌ သက်တော် ၄၂ နှစ်၊ ဝါတော် ၂၂ ရှိ ဆရာတော် ဂန္ဓသာရ၊ စဥ့်ကူးနယ်မှ အသက် ၃၂ အရွယ် မခင်စုမွန်၊ တပ်ရင်း၈၊ တပ်ခွဲ ၃ မှ အသက် ၄၀ အရွယ် ရဲဘော်ဖိုးတုတ်နှင့် အသက် ၃၅ နှစ် အရွယ် ဒီပဲယင်းကွဲရွာသား ကိုမျိုးထွန်းတို့ ပစ်ခတ်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ကိုသက်ကြီးက ပြောသည်။
ဆရာတော်ဂန္ဓသာရကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လည်ပင်းနှင့် ပါးတို့ကို အနီးကပ် ပစ်သတ်သွားသည်ဟု သိရသည်။ အဆိုပါဆရာတော်သည် ယမန်နေ့တွင် ဒီပဲယင်းကွဲကျေးရွာကို ကိစ္စတစ်ခုဖြင့် ရောက်လာခြင်း ဖြစ်သည်။
စစ်ကြောင်းဝင်ရောက်ချိန်၌ ရောင်တိမ်းချိန်မရဘဲ ထိုကျေးရွာရှိ ရှေဂူကြီးကျောင်းတိုက်၏ အလယ်တိုက်ကျောင်းမြေအောက်ခန်းတွင် ပုန်းအောင်နေစဥ် ပစ်သတ်ခံရခြင်း ဖြစ်သည်။
“ ဆရာတော်က BA Buddhism ဘွဲ့ရဖြစ်ပြီး လက်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် အရေးပါတဲ့ဆရာတော်လို့ သိရသလို သီရီလင်္ကာနိုင်ငံကနေ ဘွဲ့တွေယူပြီး ပြန်လာတဲ့ ဆရာတော်လို့လည်း သိရပါတယ် ” ဟု ကိုသက်ကြီးက ပြောသည်။
ဒီပဲယင်းကွဲကျေးရွာကို ဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နံနက် ၉နာရီခန့် အချိန်တွင် ကျေးရွာအတွင်းမှပြန်ထွက်သွားပြီး နေအိမ် ၇၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။
ထိုစစ်ကြောင်းသည် ဒီယဲပင်းကွဲကျေးရွာနှင့် တစ်မိုင်ခန့်ဝေးသည့် ကြွယ်ပုံ ပျူစောထီကျေးရွာမှဖြစ်ပြီး အစောပိုင်းရက်များတွင် အဆိုပါ ရွာတိုက်ခိုက်ခံရ၍ ဒီပဲယင်းကွဲကျေးရွာကို လာရောက်တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများ ပြောသည်။
ကြွယ်ပုံကျေးရွာသည် စစ်ကောင်စီလျှပ်စစ်ဝန်ကြီးဌာနမှ အကြီးအကဲ ဗိုလ်ချုပ်ခင်မောင်မြင့်၏ဇာတိရွာဖြစ်ပြီး ပျူစောရွာဖြစ်သလို စစ်တပ်လည်း အခြေစိုက်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – Zero ပြောက်ကျားတပ်မဟာ တပ်ရင်း၇ မြင်းခြံခရိုင် ။