ဒေသတွင်း PDF များ NUG နှင့် လက်တွဲဆောင်ရွက်ရန် လမ်းဖွင့်ထားသည်ဟုဆို
**************
ဇန်နဝါရီ ၆၊ ၂၀၂၃။
ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရနှင့် လက်တွဲဆောင်ရွက်နိုင်ရန် လမ်းဖွင့်ထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သံလွင်ခက်ကိုပြောသည်။
“ အဓိကက ဒေသတွင်းကာကွယ်ရေး (PDF, LDF) အားလုံး ညီညွတ်ရေးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးလည်း ပြောထားတာ ရှိပါတယ်။ MOD ရဲ့ အမိန့်ပေး ကွပ်ကဲမှုစနစ် (Chain of Command -COC )အောက်ဝင်ခြင်း၊ မဝင်ခြင်းမှာ အားသာချက်၊ အားနည်းချက် တွေရှိပါတယ်။ ဒါပေမယ့် MOD အနေနဲ့ COC အောက် ဝင်၊ မဝင်ထက် စစ်ရေးအရ၊ အုပ်ချုပ်ရေးအရ ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်ဖို့ကိုလဲ လမ်းဖွင့်ထားပါတယ် ” ဟု ၎င်းက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင် ကိုတော်လှန်နေသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များစွာ ပေါ်ပေါက်လာပြီး အချို့သော ဒေသတွင်းကာကွယ်ရေး တပ်ဖွဲ့များသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွန်မှုအောက်တွင် မဟုတ်ဘဲ သီးခြားရပ်တည်နေသည့် အဖွဲ့အစည်းများကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။
စစ်ကောင်စီကို အမြစ်ဖြတ်ရန်ဆိုသည့် ဘုံရည်မှန်းချက်အတိုင်း ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပေါင်းစပ်ညှိနှိုင်းရေး ဗဟိုကော်မတီကလည်း မြေပြင်အဖွဲ့များနှင့် ထိတွေ့ဆက်ဆံရန် ရှေ့တိုးလုပ်ဆောင်မည်ဟု ဦးနေဘုန်းလတ်က ပြောသည်။
ဒေသခံကာကွယ်ရေးရဲဘော်များသည် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် MOD (Ministry Of Defense) ၏ အချို့ကန့်သတ်ချက်များကြောင့် ၎င်းတို့ လက်အောက်တွင်ဝင်ရန် အခက်အခဲများ ရှိနေခြင်းဖြစ်သည်ဟု မြောင်အခြေစိုက်ဒေသကာကွယ်ရေးတပ်ဖွဲ့ CDSOMမှ ကိုနွေဦးက ပြောသည်။
MOD လက်အောက်တွင် ရှိနေသည့်တပ်ရင်းတစ်ခု မဟုတ်သော်လည်း NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုကာ မဟာမိတ်ဆက်ဆံရေးအရ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နေသည်ဟု PRA (People’s Revolution Alliance) Magway အဖွဲ့က နိုင်ငံရေးမှူး ကိုနောင်သူရိန် ကပြောသည်။
“ စစ်ရေးဖော်ဆောင်တဲ့အခါမှာ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် စစ်ရေးဖော်ဆောင်ချင်တယ်။ ကျွန်တော်တို့ နယ်မြေ အနေအထားနဲ့ လိုက်လျောညီထွေတဲ့ စစ်ရေးဖော်ဆောင်မှုမျိုးကို ကျွန်တော်တို့ ပြုလုပ်ချင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ မဝင်ခဲ့တာပါ ” ဟု ၎င်းက ပြောသည်။
ကာကွယ်ရေးဝန်ကြီး ဌာန Chain Of Command အောက်တွင်ရှိနေခြင်းသည် စည်းကမ်းပြည့်ဝပြီး အမိန့်နာခံသည့်စစ်တပ် တစ်ခုကို တည်ထောင်ရာတွင် အဓိကကျသည်ဟု တန့်ဆည်မြို့နယ်မှ PDF တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သွားပြီဆိုရင် ထိန်းချုပ်ဖို့ လိုအပ်လာတယ်။ လက်နက်ကို စနစ်တကျအသုံးပြုဖို့နဲ့ ရည်ရွယ်ချက်ရှိရှိ သုံးတတ်ဖို့လိုအပ်လာတယ်။ အထူးသဖြင့် လက်နက်ကို စိတ်လိုက်မာန်ပါမသုံးအောင် ထိန်းချုပ်ထားတာဟာ COC ဖြစ်တယ်။ အမိန့်နာခံမှုမရှိဘဲ လက်နက်ကိုင်နေမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်သွားနိုင်တယ် ” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့အကြား ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ နိုင်ငံအနှံ့ တိုက်ပွဲပေါင်း ရှစ်ထောင်ခန့် ဖြစ်ပွားခဲ့သည်ဟု ISP-Myanmar ၏ သုသေတနစာတမ်းတွင် ဖော်ပြထားသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ စာရင်းအရ PDF တပ်ရင်းပေါင်း ၃၀၀ ခန့်ရှိပြီး တပ်ရင်းတရင်းလျှင် အင်အား ၂၀၀ ခန့်မှ ၅၀၀ အထိရှိကာ PDF အင်အား စုစုပေါင်း ခန့်မှန်းခြေ ၆၅၀၀၀ ခန့်ရှိနေပြီ ဖြစ်သည်။
ပုံစာ – ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ရင်းအမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅တပ်ဖွဲ့ဝင်များ။
Photo – NUG – MOD