ကရင်နီပြည် တစ်နှစ်တာတွင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀၀ နီးပါးသေဆုံး
*****************************
ဇန်နဝါရီ ၆ ၊ ၂၀၂၃ ။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ကရင်နီပြည်တိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၉၇ ဦးသေဆုံးပြီး ၁၁ ဦး ဖမ်းဆီးရမိခဲ့ကာ ၇ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သည်ဟု ယနေ့တွင် KNDF က သတင်းထုတ်ပြန်သည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA နှင့် ကရင်နီပြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း၍ စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိနေရာ ၂၀၂၂ ခုနှစ် တိုက်ပွဲပေါင်း ၃၄၁ ကြိမ် ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများအတွင်း၌ KNDF မှ လက်နက်ငယ် ၃၃ လက်နှင့် လက်နက်ကြီး ၇ လက် အပြင် ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီစခန်းတချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၅၀ ကျော် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် အကြိမ်ပေါင်းမြောက်များစွာ ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး ၆၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် အရပ်သားနေအိမ်အဆောက်အဦး ၆၇ လုံး၊ ဘာသာရေးအဆောက်အဦး ၄လုံး နှင့် စေတီ ၁ဆူ ထိခိုက်ပျက်စီးခဲ့ရသည်။
ပြီးခဲ့သည့်နှစ်တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၆၅ ဦး ကျဆုံးခဲ့ရပြီး KNDF သည် ကျဆုံးသွားသော ရဲဘော်များအားလုံးကို အာဇာနည်သူရဲကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုပါသည်ဟု KNDF ကဖော်ပြထားသည်။
၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း၌ KNDF သည် ကရင်နီတပ်မတော် (KA) အပါအဝင် အခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ စစ်ကောင်စီတပ်များကို အရှိန်အဟုန်မြှင့် တော်လှန်တိုက်ခိုက်ခဲ့ပြီး ကရင်နီပြည်နှင့်အဝှမ်း စစ်မျက်နှာ ဖွင့်နိုင်ခဲ့သည်။
၂၀၂၂ ခုနှစ်သည် ကရင်နီတော်လှန်ရေးအင်အားစုများ၏ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူလူထု၏ ထောက်ခံပံ့ပိုးမှုတို့ဖြင့် စစ်ရေးဘက်တွင် အောင်မြင်မှုများ ရရှိခဲ့သည့်နည်းတူ တော်လှန်ရေးကာလအတွင်း ကြုံတွေ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများကိုလည်း အတူတကွ ရင်ဆိုင် ကျော်လွှားခဲ့ကြရသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်ဟု KNDFက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ၂၀၂၃ခုနှစ်တွင် ကရင်နီပြည်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၊ တော်လှန်ရေး အင်အားစုများ၏ ညီညွတ်မှုဖြင့် ကရင်နီပြည်တွင်းတော်လှန်ရေးမှသည် တနိုင်ငံလုံးအသွင်သဏ္ဌာန်ဆောင်သော တော်လှန်ရေးတစ်ရပ်ကို တက်လှမ်းနိုင်ရန် ရည်မှန်းသည်ဟု KNDFက ဖော်ပြထားသည်။