ALP ထုတ်ပြန်ချက် အခြေအမြစ်မရှိဟု AA တုန့်ပြန်
****************
သံလွင်ခက်
ဇန်နဝါရီ ၆၊၂၀၂၃။
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALA)မှ စစ်ဦးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ အပါအဝင် အရာရှိနှစ်ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(AA) က လုပ်ကြံသည်ဟု ALP က စွပ်စွဲပြောဆိုချက်သည် အခြေအမြစ်မရှိ စွပ်စွဲခြင်းသာဖြစ်သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သံလွင်ခက်ကို ပြောသည်။
“ ဒီကိစ္စကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ ULA/AA ကို နာမည်ထုတ်ပြီးတော့ အခြေအမြစ်မရှိ စွပ်စွဲတယ်ဆိုတာက နာမည်သေနေတဲ့ သူတို့ ALP ကိုနာမည်ကြီးအောင် လုပ်ချင်လို့လုပ်တာလည်း ဖြစ်နိုင်တယ် ” ဟု ဦးခိုင်သုခက ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တွင် အဖွဲ့နှစ်ခုကွဲကာ သဘောထားကွဲလွဲမှုများ လည်းရှိနေပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲတိုက်ခိုက်မှုများ ရှိသည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။
“ နေပြည်တော်ကို အစည်းအဝေး တက်ဖို့ သွားမယ်ဆိုရင်တောင်မှ နှစ်ဖွဲ့ လုနေကြတာတွေရှိတယ်ဗျ။ ပြီးလို့ရှိရင် သူတို့ ALP အချင်းချင်းကြားမှာလည်း အာဏာဆိုင်ရာ၊ ငွေကြေးဆိုင်ရာအတွင်းပဋိပက္ခတွေအများကြီး ရှိတယ်ဗျ။ နောက်ဖြစ်နိုင်ခြေရှိတာတစ်ခုကတော့ တခြားအင်အားစုတစ်ခုက ပြဿနာတွေပိုပြီးတော့ ရှုပ်ထွေး သွားအောင်ဖန်တီးလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုမျိုး လုပ်ကြံသတ်ဖြတ်တာလည်းဖြစ်နိုင်တယ် ” ဟု ဦးခိုင်သုခက ပြောသည်။
ALP ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ၃ ဦးသတ်ဖြတ်ခံရသည့်နေရာအနီး ကားလမ်းမဘေးတွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင့် တပ်စခန်းတစ်ခုလည်း ရှိသည်။
ULA/ AA က ရခိုင်အမျိုးသားအချင်းချင်းကြား လုပ်ကြံခြင်းသည် ရခိုင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူများကို တုန်လှုပ်ခြောက်ခြားစေသည့် အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်ဟု ALP က ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ALP ပါတီ၏ ဒုတိယ ဥက္ကဌ ဖြစ်သည့် ဒေါ်စောမြရာဇာလင်းက ULA/ AA ကို မှတ်ချက်ပြု ပြောဆိုခြင်းမရှိသော်လည်း ရခိုင်ပြည်နယ်တွင် လုံခြုံမှုမရှိတော့ဟု သံလွင်ခက်ကို ပြောသည်။
ဒေါ်စောမြရာဇာလင်းက ” အခုလောလောဆယ်မပြောချင်ဘူး။ ပစ်သတ်ချင်တဲ့သူက လာသတ်တယ်။ သတ်လို့သေသွားတယ်။ ရခိုင်ပြည်မှာ လုံခြုံမှုမရှိဘူး ။ ဒါပဲ ပြောချင်တယ်။ ကျန်တာမပြောချင်ဘူး ” ဟု ဆိုသည်။
ULA/AA အနေဖြင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်မပေးလိုသော်လည်း ၎င်းတို့ထံ တိုင်ကြားလာပါက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပေးမည်ဟု ဦးခိုင်သုခကဆိုသည်။
“ အခုဖြစ်တဲ့ သေမှုသေခင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ရက္ခိုင်ပြည်သူ့အစိုးရဆီမှာ တိုင်ကြားလာတာမျိုးတော့မရှိသေးဘူး။ အဲလိုမျိုးတိုင်ကြားလာမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ရက္ခိုင်ပြည်သူ့ အစိုးရအနေနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်ပေးသွားဖို့ရှိပါတယ် ” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ၊ အမှတ်(၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန်တို့ သုံးဦးမှာ ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းက စစ်တွေမြို့ စက်ရုံစုရပ်ကွက်၊ ဆီတန်းလမ်းမပေါ်တွင် လုပ်ကြံပစ်ခတ်ခံရပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ALP ထုတ်ပြန်ချက်တွင် အခိုင်အမာ ပြောဆိုထားသည်။
ထို့ပြင် ULA/AA က ALP ပါတီမှ ခေါင်းဆောင်များ၊ ပါတီဝင်များနှင့် တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်းသာမက ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ပါတီဝင်များ၊ ရဟန်းသံဃာတော်များနှင့် ပြည်သူများကို ဖမ်းဆီး အသတ်ခံရမှုများအတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ALP သည် စစ်ကောင်စီတပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး လက်ရှိ စစ်ကောင်စီကျင်းပသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း တက်ရောက်နေသည်။
Photo Crd – ULA/AA ပြောခွင့်ရ ဦးခိုင်သုခ။