အထင်ကရပုဂ္ဂိုလ်များ သေဆုံးမှုတွင် ကိုဖြိုးဇေယျာသော်ပါဝင်
************************
ဇန်နဝါရီလ ၅ ၊ ၂၀၂၃။
၂၀၂၂ ခုနစ်အတွင်း ကွယ်လွန်ခဲ့သည့် အထင်ကရပုဂ္ဂိုလ် ၁၀ ယောက်စာရင်းတွင် ကိုဖြိုးဇေယျာသော်ကို ထည့်သွင်း ဖော်ပြခံရသည်။
၂၀၂၂ ခုနှစ်အတွင်း သေဆုံးခဲ့သည့် ကမ္ဘာတစ်ဝှမ်းရှိ အထင်တရပုဂ္ဂိုလ် ဆယ်ယောက်စာရင်းကို Council On Foreign Relations -CFR ဟုအမည်ရသည့် အမေရိကန် အခြေစိုက် နိုင်ငံတကာနှင့် နိုင်ငံခြားရေးမူဝါဒလေ့လာရေး အဖွဲ့အစည်းတစ်ခုက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
အဆိုပါစာရင်းတွင် ဗြိတိန်ဘုရင်မကြီး အဲလိစဘတ်(၂)၊ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိူအာဘေးနှင့် တရုတ်သမ္မတဟောင်း ကျန်းဇီမင်းတို့လည်း ပါဝင်သည်။
အထင်ကရ နိုင်ငံခေါင်းဆောင်များနှင့်အတူ မြန်မာ့ဒီမိုကရေစီ ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုဖြိုးဇေယျာသော်ကို ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။
ကိုဖြိုးဇေယျာသော်သည် လွတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ပြီး လူငယ်များအကြား ရေပန်းစားခဲ့သည့် ဟစ်ဟော့ အဆိုတော်တစ်ဦးလည်း ဖြစ်သည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခြင်းခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးကျွမ်းဝင်သည့် နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်သည်။
အာဏာသိမ်းပြီးနောက် သပိတ်ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး မြေအောက်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
၂၀၂၁ အာဏာသိမ်းပြီး တစ်နှစ် နှင့် ငါးလအကြာ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ဖြင့် စစ်ကောင်စီက အင်းစိန်ထောင်အတွင်း ကွပ်မျက်ခဲ့သဖြင့် အသက်သေဆုံးခဲ့ရသူ ဖြစ်သည်။
ကိုဖြိုးဇေယျာသော်ကို CFR ကဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူအဖြစ် ဖော်ပြထားပြီး ၂၀၂၂ ခုနှစ်မှာ ကွယ်လွန်ခဲ့သည့် အထင်ကရပုဂ္ဂိုလ် ၁၀ ယောက်စာရင်းတွင် နံပါတ် ၆ နေရာတွင် ဖော်ပြထားသည်။