ကျိုက်ထို၌ ခြေရှုပ်နေသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
*****************************
ဇန်နဝါရီ ၅၊ ၂၀၂၃။
ယခုရက်ပိုင်းအတွင်း၌ ကျိုက်ထိုမြို့နယ်တွင် အသွားအလာများနေသည့် စစ်ကောင်စီတပ်ယာဥ်တန်းသည် ယနေ့နံနက်ပိုင်း၌ မိုင်ဆွဲတိုက်ခိုက်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းတစ်ခုသည် ယနေ့နံနက် ၇နာရီဝန်းကျင်ခန့်က မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက သံလွင်ခက်ကို ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ၄ စီးလုံးရပ်သွားပြီး နှစ်ဘက် အပြန်အလန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ကားပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
” ပစ်ခတ်တာတွေပြီးတော့ စစ်သားတစ်ယောက် ပြုတ်ကျသေဆုံးနေတာတွေ့ရတယ် ဆယ်မိနစ်လောက်နေတော့ အလောင်းကို ပြန်လာယူသယ်သွားတယ် ” ဟု ၎င်းကပြောသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီကားလေးစီးသည် မုပ္ပလင်ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း၌ စစ်ကောင်စီကားများ အသွားအလာများနေသည်ဟု ဒေသခံများထံမှ သိရသည်။
” ကျိုက်ထိုကကြားမြို့ဖြစ်နေတော့ စစ်ကားတွေ အသွားအလာရှုပ်နေတာ နေ့တိုင်းဖြတ်နေတာပဲ ” ဟု ဒေသခံတစ်ဦး ကပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို တိတိကျကျ မသိရသေးဘဲ သံလွင်ခက်က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
မွန်ပြည်နယ်နှင့်စပ်ဆက်နေသည့် ကရင်ပြည်နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ ယခုလအထိ တိုက်ပွဲများဆက်တိုက်ပြင်းထန်ဖြစ်ပွားနေရာ သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်များတွင် စစ်ကားအသွားအလာများပြားနေသည်ဟု ဒေသခံများထံမှ သိရသည်။