တိုက်ပွဲများကြောင့် ကော့ကရိတ် ဒေသခံ ၆၀၀၀ ကျော် နေရပ်မပြန်နိုင်သေး
*******************
ဇန်နဝါရီ ၅၊ ၂၀၂၃။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ယနေ့အချိန်ထိ ကော့ကရိတ် စစ်ဘေးရှောင် ဒေသခံပြည်သူများ နေရပ်မပြန်နိုင်သေးဟု ကူညီသူများက ပြောသည်။
တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ ကော့ကရိတ်မြို့နယ်အတွင်း ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။
ယနေ့အချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်ဟု ကော့ကရိတ်စစ်ရှောင် ဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ အိမ်ကတော့ပြန်လို့ရရင်ပြန်ချင်တာပေါ့။ ပြန်မယ်လို့လုပ်လိုက်တိုင်း အသံတွေကကြားနေရတယ်။ ပြန်ဖို့ကမဖြစ်ပြန်။ တစ်ရက်တစ်ရက်နဲ့ ရှောင်လာတာ ၁၀ရက် ကျော်ရှိပြီ ” ဟု ပြောသည်။
အဆိုပါ ကော့ကရိတ်ဒေသခံ စစ်ဘေးရှောင် များသည် တိုက်ပွဲများကြောင့် မိမိတို့နေအိမ်များကို ထားရှိကာ ထွက်ပြေးတိမ်းရှောင်လာရခြင်း ဖြစ်သည်။
” အိမ်တွေကိုလည်းစိတ်ပူတယ်။ နှမျောတာပေါ့။ ကိုယ်ပြေးလာလို့တစ်ခါထဲယူလာလို့ရတဲ့အရာလည်းမဟုတ်တော့ ကိုယ့်အသက်လောက် ဘာမှအရေးကြီးတာမရှိဘူးဆိုပြီး အကုန်လုံးထားခဲ့ရတယ် ” ဟု ကော့ကရိတ် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၀င်များသည် ကော့ကရိတ် အနီးတစ်ဝိုက်ကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုများ ရှိနေသည်ဟု ကော့ကရိတ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် ကျားဖြူတပ်ခွဲ ( ၁ ) ထံမှ သိရသည်။
လတ်တလော စစ်ရေးအခြေအနေအရ အချိန်မရွေး တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် နီးစပ်သည့်နေရာများတွင် နေထိုင်ခြင်းမပြုရန် ကျားဖြူတပ်ခွဲ ( ၁) မှ တပ်ခွဲမှူး စော၀င်းဇော်က သံလွင်ခက်ကို ပြောသည်။
“ ဒေသခံတွေအနေနဲ့ နေရပ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တိုက်ပွဲကပိုပြီး အရှိန်မြင့်လာဖို့ဘဲရှိတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လူသားဒိုင်းအဖြစ်လုပ်ပြီးတော့ ခုခံနေတဲ့အနေအထားဖြစ်တဲ့အတွက် ကိုယ့်ရဲ့လုံခြုံရေးကို ကိုယ်တိုင်ရှောင်တိမ်းပြီးတော့ ပြည်သူတွေလည်း လုံလုံခြုံခြုံနေကြပါလို့ မှာချင်တယ် ” ဟု ၎င်းက ပြောသည်။
တိုက်ပွဲများကြောင့် ဒီဇင်ဘာလ ဒုတိယရက်သတ္တပတ်မှ စတင်ကာ ကော့ကရိတ်ဒေသခံ ၆၀၀၀ခန့် တိမ်းရှောင် နေရပြီး ကရင်ပြည်နယ် မြဝတီ − ကော့ကရိတ် အာရှလမ်းကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ရသည်။
ပုံစာ – စစ်ဘေးရှောင်နေရသည့် ကော့ကရိတ်ဒေသခံများမြင်ကွင်း။
Photo – Cj