အင်းလေးဒေသကို ခရီးသွားလာမှု သတိပြုရန် ကာကွယ်ရေးတပ်များ သတိပေး
************************
ဇန်နဝါရီ ၅၊၂၀၂၃။
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသတွင် တိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာနိုင်သည့်အတွက် ပြည်သူများ ခရီးသွားလည်ပတ်မှု သတိပြုကြရန် ရှမ်းတောင်ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့များက အသိပေး ထားသည်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာအနီးတွင် ဇန်နဝါရီလ ၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ ပူးပေါင်းတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
” ထိတွေ့မှုတွေက နေရာမရွေးရှိနိုင်တာကြောင့် ပြည်သူတွေလုံခြုံစေဖို့ ခရီးသွားလာတာတွေကို သတိပြုသွားလာကြဖို့နဲ့ စစ်ကောင်စီတပ်တွေနဲ့ အနီးဆုံးနေရာတွေမှာ မနေဖို့တောင်းဆိုလိုပါတယ် ” ဟု ရှမ်းတောင် အခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၃ ရက်မှ စတင်သည့် တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိသော်လည်း တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သဖြင့် ကာကွယ်ရေးတပ်များဘက်မှ တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးပေ။
လက်ရှိတိုက်ပွဲဖြစ်ပွားရာအနီးရှိ ဘုရားနီလမ်း၊ အင်းလေးကန်အနောက်ဘက်ကမ်း ကန်ပတ်လမ်း စစ်ဆေးရေးဂိတ်များတွင်လည်း လုံခြုံရေးတင်းကြပ်ကာ လမ်းသွားလမ်းလာများကို ငွေတောင်းခံခြင်း၊ ရိုက်နှက် ဖမ်းဆီးခြင်းများလည်း လုပ်ဆောင်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ မွန်းတည့် ၁ နာရီခန့်တွင်လည်း၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်အနီးတွင် ရှမ်းတောင်ကာကွယ်ရေးတပ်ပေါင်းစုများမှ စစ်ကောင်စီစခန်းတစ်ခုကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည်။
၂၀၂၂ ခုနစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးအဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO တို့မှ အင်းအား ၅၀၀ ခန့်ဖြင့် အင်းလေးဒေသ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ရှာဖွေရန်ဟူသည့် အကြောင်းပြချက်ဖြင့် ကျေးရွာများသို့ စီးနင်းဝင်ရောက်ခဲ့သည်။
အဆိုပါ စီးနင်းဝင်ရောက်မှုတွင် ဒေသခံပြည်သူ ၅၂ ဦးကိုလည်း ဖမ်းဆီးထားသည်ဟု ဒေသခံ မြေပြင်သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
“ သူတို့ကိုဖမ်းတာက PDF နဲ့အဆက်သွယ်ရှိတယ်ဆိုပြီး ဒလန်သတင်းပေးလို့အဖမ်းခံထားရတာပါ ” ဟု ၎င်းကဆိုသည်။
ညောင်ရွှေမြို့နယ်၊ တောင်ပို့ကြီးရွာမှ ဒေသခံ ၄၂ ဦး အပါအဝင် သပြေပင်ရွာမှ ၅ ဦး၊ အင်းတိန်ရွာမှ ဆရာတော် ၁ ပါး အပါဝင် ၃ ဦးနှင့် တုံးလေရွာမှ ၂ ဦးတို့ကို ညောင်ရွှေရဲစခန်းတွင် ဖမ်းဆီးထားသည်။
အင်းလေးဒေသသည် မြန်မာနိုင်ငံတွင် ထင်ရှားပြီး အလည်အပတ်သွားရောက်ကြသည့် ခရီးသွားဒေသ တစ်ခုဖြစ်ကာ ကမ္ဘာလှည့် ခရီးသွားများလည်း လာရောက်လည်ပတ်လေ့ရှိသည်။
ပုံစာ – အင်လေးဒေသက ထင်ရှားသည့် ရေးပေါ်ဈေးမြင်ကွင်း။
Photo – MHT