အာဏာသိမ်းကာလအတွင်း၌ ချင်းပြည်နယ် တော်လှ န်ရေးတပ်ဖွဲ့များအနက် တိုက်ပွဲအများဆုံးဖော်ဆောင်ထားသည့်မင်းတပ် CDFက ၂၀၂၃ ခုနှစ်သည် ဖက်ဆစ်စစ်အာဏာရှင်တို့ကျဆုံးမည့် နှစ်အဖြစ် ရည်မှန်းလျက်တော်လှန်ရေးအရှိန်မြှင့်တင်သွားမည်ဟု ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ရက်တွင် Chin Defence Force-Mindat အဖြစ်ဖွဲ့စည်းထူထောင်ခဲ့သည့် မင်းတပ်CDF သည် နွေဦးတော်လှန်ရေးတပ်ဦးမှ တူမီးဖြင့် ခုခံတွန်းလှန် အောင်မြင်နိုင်ကြောင်း သက်သေပြနိုင်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဧပြီလကုန်ပိုင်း၊ မေလနှင့်ဇွန်လအတွင်းတို့၌ တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့သည့် မင်းတပ်မြို့နယ်တွင်မင်းတပ်CDF တပ်ဖွဲ့ဝင် များက စစ်ကောင်စီတပ် စစ်ကားများကို တူမီးများဖြင့်သိမ်းပိုက် မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။
ထို့ကြောင့် အာကာသိမ်းကာလအတွင်း၌ စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်မှုနှင့် မြို့ပေါ်တိုက်ပွဲတို့ကိုမင်းတပ် CDF တပ်ဖွဲ့ဝင်များက ပထမဆုံးကြုံတွေ့ခဲ့ရသည်။
၂၀၂၁ ခုနှစ်မေလ ဒုတိယအပတ်တွင်း၌ စစ်ကောင်စီတပ်များက အင်အား ထောင်ချီအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် မင်းတပ်မြို့ပေါ်ကို အင်အားသုံးထိုးစစ်ဆင်ခဲ့သည်။
မင်းတပ်မြို့ပေါ်မှ ပြည်သူများမြို့လုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်အပြင် မင်းတပ် CDF များလည်းကျေးရွာများဘက်ဆုတ်ခွာ၍ အာဏာသိမ်းကာလတစ်လျောက်လုံး ခုခံစစ်တိုက်ပွဲများဆင်နွှဲခဲ့သည်။
” မိမိတို့ CDF-Mindat နှင့် မင်းတပ်မြို့နယ်နေပြည်သူများသည်တော်လှန်ရေး ကာလ အခက် ခဲဆုံး၊အကြမ်းတမ်းဆုံးကာလ ၊၂ နှစ်တာ ကာလကို ကြံ့ကြံ့ခံ အောင်မြင်စွာ ဖြတ်ကျော်နိုင် ခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်သည် ဖက်ဆစ်စစ်အာဏာရှင်တို့ ကျဆုံးမည့်နှစ်အဖြစ် ရည်မှန်းလျက် တော်လှန်ရေးအရှိန်မြှင့်တင်သွားမည် ဖြစ်ပါသည် “ဟု မင်းတပ် CDF က ပြည်သူသို့နှစ်သစ် မေတ္တာရပ်ခံတိုက်တွန်းချက်အဖြစ် ဇန်နဝါရီလ ၁ရက်တွင် ထုတ်ပြန်အသိပေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မေလကတည်းက ထွက် ပြေးတိမ်းရှောင်နေကြရသည့် မင်းတပ်မြို့ပေါ်ရှိပြည်သူများသည်လက်ရှိအချိန်ထိ နေရပ်မပြန် နိုင်သေးသည့်ပြည်သူများ ထောင်ချီအထိရှိနေသေးပြီး စစ်ကောင်စီတပ်များကလက်ရှိအချိန် ထိ မကွေးတိုင်းနှင့်ချင်းပြည်နယ်အစပ်ရှိ ကျေးရွာများကို မကြာခဏစစ်ကြောင်းထိုးနေ၍ စစ်ရေးတင်းမာလျက်ရှိနေသည်။
ချင်းပြည်နယ်မြို့နယ် ၉ ခုတွင် အာဏာသိမ်းကာလအတွင်း၌ တိုက်ပွဲပေါင်း ၅၉၂ ကြိမ်ထပ် မနည်းဖြစ်ပွားခဲ့ပြီးမင်းတပ်မြို့နယ်တွင် တိုက် ပွဲပေါင်း ၁၂၅ ကြိမ်ကျော်ဖြစ်ပွားခဲ့ကာ အများဆုံးဖြစ်သည်ဟု ISP Myanmar ကပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း၌ ဖော်ပြထားသည်။