အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ကာကွယ်ရေးဝန်ကြီးဌာနကဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်PDFများနှင့် မဟာမိတ်တပ်များပူးပေါင်း တိုက်ခဲ့သည့် ပုလောမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟုသိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၁ နှင့်မဟာမိတ်တပ်များပူးပေါင်း၍ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ၂ ရက်အကြာတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်ဟု ယမန်နေ့ ဇန်နဝါရီလ ၂ရက်တွင် တောင်ပိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ဒီဇင်ဘာ၃၀ရက်နှင့် ၃၁ရက်တို့တွင်ဖြစ်ပွားခဲ့သည့် ၂ရက်အကြာတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်သား ၅၀ဦးကျော်သေဆုံး၍၃၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေးက ဖော်ပြထားသည်။
” သူတို့ဘက် အင်အားခန့်မှန်း(၃၀၀) ဝန်းကျင်၊ အင်အားအပြည့်နဲ့လာတာပါ။ပြည်သူတွေကို ကြိုရှောင်ခိုင်းထားနိုင်တော့ ပြည်သူတွေထိခိုက်မှုတော့ မရှိဘူး။ အိမ်တွေ မီးရှို့ခံရတာ ပြည်သူတွေနဲ့ ထပ်တူဝမ်းနည်းရတယ်ဗျ ” ဟု မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါတိုက်ပွဲသည်ပုလောမြို့နယ်၊ တိုရွာ၊တန်းရှင်းရွာ၊ သင်္ကန်းတောရွာ၊ကဒဲရွာတစ်လျှောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်ပုဇွန်တောင်အနီးနှင့် နန်းပရုပ်ရွာအနီးတို့တွင်လည်းကာကွယ်ရေးတပ်များက ဆက်လက်၍မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ထိုထိတွေ့မှုတိုက်ပွဲအတွင်း၌ ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များက ၇ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးအနီးကပ်ထိတွေ့ပစ်ခတ်မှုများတွင်လည်း စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့သည်ဟုသိရသည်။
” သူတို့ထွက်လာတာ အင်အားများတယ်ဗျ။လမ်းတစ်လျှောက် ကျွန်တော်တို့ဘက်က မိုင်းဆွဲပြီးပစ်တာပဲ။မိုင်းဆွဲတာ ငှက်တွေလိုတက်ပျံနေတယ်။ ပစ်ရတာကလည်း အနီးကပ်ဆိုတော့ ပုံလဲနေတာ အများကြီးပဲ” ဟု တိုက်ပွဲဝင် PDF ရဲဘော်တစ်ဦးကပြောသည်။
ပုလောမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲသံများကိုကြားခဲ့ရသည့် ဒေသခံတစ်ဦးကလည်း ” ပွဲကတော့ မနက်၅နာရီလောက်ကနေ မိုင်းကွဲသံကြားရပြီ ၊၈နာရီလောက်ဆိုစပြီးပစ်ခတ်နေကြတယ်။ လက်နက်ကြီး လက်နက်ငယ် အသံတွေညံနေကော ၊ ၂ရက်လုံးပစ်နေကြတာ” ဟု ပြောသည်။
ပုလောမြို့နယ်တိုက်ပွဲအတွင်း၌စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ ၁ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသသတင်းနှင့်ပြန်ကြားရေးက ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲအတွင်း၌ စစ်ကောင်စီ တပ်ဘက်မှထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ သံလွင်ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
တိုက်ပွဲတွင်း၌စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုရွာမှနေအိမ် ၄၈လုံး၊တန်းရှင်းရွာမှနေအိမ် ၇လုံး၊သင်္ကန်းတောရွာမှနေအိမ် ၁၄ လုံး စုစုပေါင်းနေအိမ် ၆၉လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။