မန္တလေးမြို့တွင် PDF ၁၆ ဦး ဖမ်းဆီခံရ
*************************
ဇန်နဝါရီ ၂ ၊ ၂၀၂၂ ။
မန္တလေးမြို့တွင် PDF ၁၆ ဦးကို လက်လုပ်မိုင်းတချို့နှင့် အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညပိုင်းနှင့် ယနေ့တို့တွင် သတင်းထုတ်ပြန် ကြေညာသည်။
ဖမ်းဆီးခံရသူများမှာ Mandalay Young Force (MYF) နှင့် ဝက်လက် PDF အဖွဲ့ဝင်များ ပါဝင်သည်ဟု သိရသည်။
” သူတို့ကြေညာတဲ့အတိုင်း အဖမ်းခံလိုက်ရတာ ဟုတ်ပါတယ်။ အခုလောလောဆယ် စစ်ကြောရေးမှာ ရှိနေတယ်လို့ သိရတယ် ” ဟု MYF ကို ထောက်ပို့ပေးနေသူ တစ်ဦးက သံလွင်ခက်ကို ပြောသည်။
ဒီဇင်ဘာ ၃၁ရက် ညပိုင်းတွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ (၄၉)လမ်းနှင့် (၁၀၈)လမ်းအနီးတွင် လူငယ်နှစ်ဦးကို ဖမ်းမိခဲ့ပြီးနောက် စစ်ဆေးမှုများအရ နောက်ထပ် ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် Mandalay Young Force (MYF)မှ ကိုကျော်မင်းခန့်၊ ကိုဟိန်းထက်အောင် (ခ)ကိုဟိန်း၊ ထက်အောင်လင်း၊ လင်းလင်း (ခ)ဖက်တီး ၊ မိုးမြင့်သူ၊ နေသူရိန် (ခ) အောင်ပြည့်ဖြိုး၊ လှိုင်မျိုးဝင်း၊ ရန်ပိုင်ထွန်း (ခ) စော်ဘွား၊ အံ့ဖုန်းခန့် ၊ အာကာဖြိုး (ခ)စောကာကာ၊ မျိုးသူအောင်နှင့် ဝက်လက် PDF မှ ကိုအောင်ထက်ကျော် (ခ)တိုက်ဂါး၊ ရဲသူစံကို ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ပြင် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၉ x ၉၀ လမ်း ထောင့်ရှိ မလွန်ကျောင်းတိုက်၏ ကျောင်းထိုင် ဆရာတော် ဥူးအိန္ဒြာစက္က (ခ) အေးကိုအား သင်္ဃန်းခြင်းအတွင်း ထည့်ထားသည့် ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။
ဖမ်းဆီးခံလိုက်ရသည့် PDF ရဲဘော်များတွင် အသက်၂၀ အောက်နှင့် အသက်မပြည့်သေးသူများလည်း ပါဝင်သည်ဟု သိရသည်။