မောင်လှိုင်း
Yaw Army (YA) စိုးမိုးလှုပ်ရှားသည့် ဒေသအတွင်းရှိ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း အရွယ်ရောက်သူတိုင်းစစ်ပညာသင်ကြားရမည်ဟု YA မှ ဒေသတွင်း ထုတ်ပြန်ကြေညာထားသည်။
စစ်မက်ဖြစ်ပွားနေသည့် တိုင်းပြည်တွင် ယောဒေသအတွင်းရှိ လူငယ်များ၊ ဒေသခံပြည်သူများအနေဖြင့် အခြေခံစစ်ပညာတတ်မြောက်ရန် လိုအပ်ပြီး တော်လှန်ရေးမျိုးဆက်ပြတ်တောက် မသွားရန် ရည်ရွယ်သည်ဟု YA ပြောရေးဆိုခွင့်ရှိသူ ကိုမုန်တိုင်းက သံလွင်ခက်ကို ပြောသည်။
“ကျနော်တို့က မဖြစ်မနေ တပ်ထဲကို ဆွဲသွင်းဖို့၊ တိုက်ခိုက်ရေးအင်အားအနေနဲ့ အသုံးပြုဖို့ မဟုတ်ပါဘူး။ နောက်တစ်ခုက ယောတပ်တော်ရဲ့ စစ်သားစုဆောင်းနေတာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
ယောတပ်တော်၏ ထုတ်ပြန်ချက်တွင် အခြေခံစစ်ပညာတက်ရောက်ပြီးသူများကို တိုက်ခိုက်ရေးတပ်၊ အရံတပ်၊ ကျေးရွာအုပ်စုဒေသတွင်း လုံခြုံရေးတာဝန်များကို အလှည့်ကျစနစ်ဖြင့် နှစ်နှစ် ထမ်းဆောင်ရမည်ဟု ပါရှိသည်။
ယင်းအပြင် အိမ်ထောင်စုတစ်ခုလျှင် မိသားစုဝင်တစ်ဦး အခြေခံစစ်ပညာသင်တန်းကို တက်ရောက်ရမည်ဖြစ်ပြီး သင်တန်း၏ ကုန်ကျစရိတ်ကိုလည်း ကျခံရမည်ဟု ဆိုသည်။
တာဝန်မထမ်းဆောင်လိုခြင်းကြောင့် ဒေသခြား ခရီးထွက်ခြင်း၊ သာသနာ့ဘောင်ဝင်ခြင်းများကို ကင်းလွတ်ခွင့် မရှိစေရဟု ယောတပ်တော်၏ ထုတ်ပြန်ချက်အရ သိရသည်။
မသန်စွမ်းများ၊ စိတ်ကျန်းမာရေး မကောင်းသူများ၊ ကိုယ်ဝန်ဆောင်များ၊ နှစ်နှစ်အောက် နို့တိုက်မိခင်များ၊ တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကိုယ်၊ လက်၊ အင်္ဂါဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များ၊ တပ်တွင်းတာဝန်ထမ်းဆောင်နေသည့် မိသားစုဝင်များနှင့် အခြေခံပညာဆက်လက်သင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများသည် အခြေခံစစ်ပညာသင်ယူခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဟုလည်း ဖော်ပြထားသည်။
စစ်မှု မထမ်း မနေရစနစ်ကဲ့သို့ မဟုတ်ဘဲ မိမိရပ်ရွာများတွင် ရိက္ခာ စုဆောင်းခြင်း၊ စည်းရုံးခြင်း၊ စစ်ကြောင်းထိုးခြင်းနှင့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ချိန်တွင် ပြည်သူလူထုကို ကူညီကယ်ဆယ်ရန် စသည့်ဖြင့် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်သည်ဟု ကိုမုန်တိုင်းက ပြောသည်။
“ပြည်သူလူထုနဲ့ ပတ်သက်လို့က အကြမ်းဖက်လို့ မရဘူး။ နားလည်အောင် ရှင်းပြရမယ်။ ပြောပြရမယ့် ကဏ္ဍတွေ အများကြီးရှိတယ်။ မဖြစ်မနေ စစ်မှုထမ်းရမယ့် စနစ် မဟုတ်တာကြောင့် သဘောကျတဲ့ ထောက်ခံတဲ့ ရပ်ရွာတွေလည်းရှိသလို ဒီဟာနဲ့ပတ်သက်ပြီးတော့ နားလည်မှုလွဲနေတဲ့သူတွေလည်း ရှိတော့ ဒါကတော့ စည်းရုံးရေးကို အဓိက အသုံးပြုဖို့ ရှိတယ်” ဟု ၎င်းက ပြောသည်။
ယောတပ်တော်သည် ၎င်းတို့ စိုးမိုးနယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပအဖ) တို့ကို စာပို့အကြောင်းကြားထားသည်ဟုလည်း ယောတပ်တော်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။
ယောဒေသတွင် ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆော၊ လောင်းရင်း၊ ကျောစသည့် ဒေသများပါဝင်ပြီး ယောတပ်တော်သည် ကျောက်ထုဒေသတွင် အခြေချ လှုပ်ရှားသည့် အဖွဲ့ တစ်ဖွဲ့လည်းဖြစ်သည်။