ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာကို စစ်ကောင်စီက ယနေ့တွင်လည်း ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သားအမိနှစ်ယောက်အပါအဝင် ပြည်သူ သုံးဦးထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။
ယနေ့ ဧပြီလ ၂၅ ရက် နံနက် ၁၀ နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံး ရှစ်လုံး ကြဲချခဲ့သည့်အတွက် ပြည်သူ သုံးဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်ဟု အသက် ၃၀ နှစ်အရွယ် ကျောက်ဖြူဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။
“ရွာ အနောက်တောင်ဘက်နားက နေရာကို ဒရုန်းနဲ့ ငါးကြိမ် လာပစ်တာမှာ ဗုံးက ရှစ်လုံး ကြဲချခဲ့တာ။ အဲဒီ ဗုံးချခဲ့တဲ့ နေရာ အနီးအနားမှာ အလုပ်လုပ်နေကြတဲ့ ရွာသားတွေ ရှိတယ်ပေါ့လေ။ အဲဒီမှာ သားအမိနှစ်ယောက်နဲ့ တခြားအမျိုးသမီး တစ်ယောက် စုစုပေါင်း ၃ယောက် ပွဲချင်းပြီး သေသွားတာပါ” ဟု ၎င်းက ပြောသည်။
သေဆုံးသွားသူများမှာ လိမ်ခမော်ကျေးရွာမှ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၉ နှစ်အရွယ် မိခင်ဖြစ်သူနှင့် နှင့် အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူတို့ ဖြစ်သည်။
ဗုံးကြဲခံရမှုကြောင့် အနီးအနားရှိ ကားတစ်စီးနှင့် ထော်လာဂျီတစ်စီးမှာလည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီအနေဖြင့် ဧပြီလ ၂၄ ရက် နေ့လယ် ၂ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ် ရေနံတောင်ကျေးရွာအား ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သက်ကြီးပိုင် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး သေဆုံးကာ အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်ကောင်စီအနေဖြင့် ရခိုင်တွင် ၎င်းတို့ လက်လွှတ်ပေးထားရသည့် နယ်မြေများအပြင် ကျောက်ဖြူ၊ စစ်တွေမြို့နယ်များရှိ ကျေးရွာများအားလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ရေတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း၊လေကြောင်းမှ ဂျက်ဖိုက်တာ၊ ဒရုန်းများဖြင့်လည်း မကြာခဏ ပစ်ခတ်မှုများရှိနေသည့်အတွက် အရပ်သားထိခိုက်သေဆုံးမှုများနှင့် နေအိမ် မီးလောင်ဆုံးရှုံးမှုများ မြင့်တက်လျက် ရှိသည်။
ပုံစာ – ဧပြီ ၂၄ ရက်က ကျောက်ဖြူ ရေနံတောင်ရွာအား ဗုံးကြဲခဲ့သည် အသေခံ ဒရုန်းနှင့် မြင်ကွင်း
