မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် စစ်ကိုင်းငလျင်အတွက် အရေးပေါ် တုံ့ပြန်မှုအနေဖြင့် အမေရိကန်အစိုးရက ဒေါ်လာ၂ သန်းအထိ ပံ့ပိုးကူညီသွားမည်ဟု ယနေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ အကူအညီကို မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသည့် အဖွဲ့အစည်းများမှတဆင့် ကူညီပေးသွားမည်ဟုလည်း ဖော်ပြထားသည်။
ထို့အပြင် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှလည်း အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နှင့် ရေရရှိနိုင်မှုအပါအဝင် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများ၏ အပူတပြင်း လိုအပ်ချက်များကို သုံးသပ်ဖော်ထုတ်ရန် မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု သိရသည်။
ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ရန်ကြိုးပမ်းလျက်ရှိကြသော မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုအနေဖြင့် ရပ်တည်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။