အင်းတော်တွင် အသက် ၇၀ ခန့်ရှိအဘိုးအပါအဝင် ဖမ်းဆီးခံပြည်သူ ၈ ဦးကို စစ်တပ်သတ်ဖြတ်
ဒီဇင်ဘာ ၂၆၊ ၂၀၂၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသွားသည့် နတ်မဟုတ်ကျေးရွာ ဒေသခံပြည်သူ ၈ ဦး၏ အလောင်းကို ယမန်နေ့က ပြန်လည်တွေ့ခဲ့ကြောင်း Indaw Revolution – IR ၏ တာဝန်ရှိသူထံက သိရသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့က ဆေးကြောင်ပြီး ရောက်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို မေးမြန်းရာမှ အလောင်းများကိုရှာဖွေ တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု Indaw Revolution – IR ၏ တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
“ ဆေးကြောင်ပြီးရောက်လာတဲ့ တပ်သားတစ်ယောက်ကိုမေးတော့ သတ်ပြီး ကမ်းနီကျေးရွာနားမှာ မြုပ်ထားလိုက်ပြီလို့ပြောလို့ ရွာသားတွေ ဝိုင်းရှာတာနဲ့ မနေ့တုန်းကမှ ပြန်တွေ့တာဗျ၊ အလောင်းကိုက သူတို့ အကုန်လုံးမြေမြုပ်ထားလိုက်ပြီ ” ဟု ပြောသည်။
ထိုရှစ်ဦးသည် နိုဝင်ဘာ ၂၈ ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်း ကျေးရွာတွင်းသို့ ဝင်ရောက်စဉ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကို ထောက်ပို့သည်ဟုဆိုကာ အတူနေကျေးရွာပျူစောထီး၏ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးသွားသည့် ဒေသခံပြည်သူ ရှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်ပြန်ကြိုးတုတ်ကာ နှစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ပြီး ခြောက်ဦးကို တုတ်ဖြင့်ရိုက်သတ်ခံရခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။
အသတ်ခံရသည့် ဒေသခံပြည်သူ ရှစ်ဦးမှာ အသက် ၆၈ နှစ် အရွယ် ဦးသာပြူး၊ အသက် ၆၀ အရွယ် ဦးမြင့်ဖေ၊ ဦးကျော်သန်းနှင့် ဦးကျော်သန်း၏ သားဖြစ် သူ အသက် ၃၃ နှစ်အရွယ် ဦးဘိုဘိုဝေ၊ အသက် ၅၀ ကျော် အရွယ် ဦးမင်းနိုင်၊ ဦးကျော်ဌေး၊ ဦးကျော်ထွန်း၊ အသက် ၃၈ နှစ်အရွယ် ဦးထွန်းနိုင် တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ထီးချိုင့်မှ တက်လာသည့် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများဖြစ်ပြီး အင်းတော်ရှိ နေအိမ် ၁၀၀ ကျော်နှင့် စပါးတိုက် ၃၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယခုအချိန် အင်းတော်မြို့နယ် တော်ဘက်ခြမ်းရှိ မဲဇာတောအနီး ခရမ်းစပ်ကုန်းကျေးရွာတွင် တပ်စွဲထားသည်ဟု Indaw Revolution – IR ၏ တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။