NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကော်ဘရာစစ်ကြောင်းကို လက်နက် အလက်၅၀ ပေးအပ်
******************************
ဒီဇင်ဘာ ၂၆၊ ၂၀၂၂ ။
တောင်ပိုင်းစစ်ဒေသသို့ ပေးအပ်မည့်လက်နက်များအနက် အလက်၅၀ အား ကော်ဘရာစစ်ကြောင်းကို NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပေးအပ်ခဲ့သည်ဟု ယနေ့တွင် NUG ၏ PVTV သတင်းက ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်က ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်တွင် စစ်သင်တန်းဆင်းပွဲသို့တက်ရောက်ခဲ့ပြီး လက်နက်အလက် ၅၀ အား ကော်ဘရာစစ်ကြောင်း၏ ဒုစစ်ကြောင်းမှူးထံ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဒေါ်ဖြူဖြူသင်းတို့က ကော်ဘရာစစ်ကြောင်းသင်တန်းဆင်းရဲဘော်များအား ဂုဏ်ပြုငွေ ၁၀သိန်း ပေးအပ်ခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ဒေါ်ဖြူဖြူသင်း၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ ဗိုလ်စောရှား၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး အိသဥ္စာမောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုသင်တန်းဆင်းပွဲ၌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရ၏ တစ်နှစ်စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့များနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနဲ့ သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနှင့် တိုင်းရင်းသားမဟာမိတ်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီးရယူဆောင်ရွက်ထားနိုင်မှု အစရှိသည့် အကြောင်းအရာများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်များကို ရှင်းလင်းပြောကြားခဲ့သည်။