ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုတရားသူကြီး -၂ ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန်ကွယ်လွန်ခြင်းသည် အဖက်ဖက်မှ ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည်ဟု ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောသည်။
ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန်သည် KNU ဗဟိုတွင် တရားစီရင်ရေး ဒုတိယတာဝန်ခံအဖြစ်လည်းကောင်း၊ KNU အမြဲတမ်းဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊ KNU ဂုဏ်ပြုချီးမြှောက်ရေးကော်မတီဝင်အဖြစ်လည်းကောင်း၊ ထိုင်း မြန်မာ နယ်စပ်စစ်ရှောင်အရေးနှင့် အမျိုးသမီးအစည်းအရုံး (KWO) တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
သူသည် နာမည်ရရှိရေးထက် အလုပ်ကို ပိုဦးစားပေးပြီး အလေးထားသောကြောင့် ကွယ်လွန်ခြင်းသည် ဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟု ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းကပြောသည်။
“ဘာကြောင့်လဲဆိုတော့ သူ့ရဲ့လှုပ်ရှားမှုတွေက အင်မတန်ကောင်းတာကိုး။ ကောင်းတော့ သူတစ်ယောက် လျော့တယ်ဆိုတော့ လျော့တဲ့အလျောက်တော့ ဆုံးရှုံးမှု ရှိတာပေါ့။ သူက ထက်ထက်မြက်မြက်ပဲလေ။ နိုင်ငံခြားနဲ့ ဆက်သွယ်တဲ့ နေရာလည်းတော်တယ်။ ပြည်တွင်းဆက်သွယ်တဲ့ နေရာလည်း တော်တယ်။ ကိုယ်တိုင်ကိုယ်ကျလည်း ဝင်ရောက်ကူညီတာတွေ တော်တော်များပါတယ်။ သူလုပ်တာ။ ပြီးတော့ သူက နာမည်ကိုတော့ သိပ်အလေးမထားပါဘူး။ အလုပ်ဖြစ်ဖို့ကိုပဲ အလေးထားတယ်“ ဟု ၎င်းက ဆိုသည်။
ထို့အပြင် သူသည် တော်လှန်ရေးအပေါ်တွင် ကရင်လူမျိုးတစ်စုတည်းအတွက်မကြည့်ဘဲ တစ်ပြည်လုံးမှာရှိသည့် တိုင်းရင်းသားညီအစ်ကိုများအတွက်ပါ ကြည့်ပြီး အလုပ်လုပ်နေသည်ဟု သူ၏ လုပ်ဖော်ကိုင်ဖက်များက မှတ်ချက်ပြုကြသည်။
သူသည် မျှမျှတတစဉ်းစားပြီး မှန်မှန်ကန်ကန်သုံးသပ်တတ်သည့်လူတစ်ယောက် ဖြစ်သည်ဟုလည်း ပဒိုစောသမိန်ထွန်းက မှတ်ချက်ပြုသည်။
၎င်းက “သူ့ကို မှတ်ချက်ပြုချင်တာကတော့ သူက အလုပ်ကို လုပ်တယ်။ စိတ်ရောကိုယ်ပါ လုပ်တယ်။ သူစွမ်းဆောင်နိုင်သမျှလုပ်တယ်။ ပေးတဲ့တ ာဝန်ကိုလည်း ကျေပွန်အောင် သူလုပ်တယ်။ သူက ဂုဏ်မဖော်ဘူး။ စိတ်ထားနှိမ့်ချတယ်။ သူ့စွမ်းရည်တွေက အဲဒါတွေ ရှိတယ်လေနော်။ ဒါကြောင့်မို့ ကျွန်တော်တို့အတွက်က ဒီလို မျှမျှတတ စဉ်းစားပြီး မှန်မှန်ကန်ကန် သုံးသပ်တတ်တဲ့ လူတစ်ယောက် လျော့သွားတယ်ဆိုလည်း လျော့သွားတဲ့အလျောက် ကျွန်တော်တို့မှာ အများကြီး ဆုံးရှုံးနစ်နာမှုရှိတာပေါ့“ ဟု ဆိုသည်။
ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန်သည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်၊ ညနေ ၆:၄၀ နာရီတွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး မတ်လ ၃ ရက်တွင် မဲ့ကဆာခရစ်ယာန်သင်္ချိုင်းတွင် နောက်ဆုံးခရီးပို့ဆောင်မည်ဖြစ်သည်။
ပုံစာ – ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန်၏ ပုံရိပ်များ (ဓာတ်ပုံ – Karen Women’s Organization – KWO)


