ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး သဘောတူညီပြီးနောက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်မည်ဟု စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။
ဆိပ်ကမ်းနှင့် စွမ်းအင်စီမံကိန်းများပါရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းကို စစ်ကောင်စီ နှင့် ရုရှား စီးပွားရေးဝန်ကြီးတို့ နားလည်မှုစာချွန်လွှာ (MOU) အား ဖေဖော်ဝါရီ ၂၄ ရက်တွင် လက်မှတ်ရေးထိုးပြီးနောက် အဆိုပါခရီးစဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။
ရုရှားခရီးစဉ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ဒူမားလွတ်တော်ဥက္ကဌ၊ ရုရှားအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် စီးပွားရေး၊ ချစ်ကြည်ရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူမြောက် ပူးပေါင်းဆောင်ရွက်မှုကိစ္စများကိုလည်း ရုရှားခရီးစဉ်အတွင်း ပိုမိုဆွေးနွေးသွားမည်ဟုလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပစ်ပယ်ခံထားရသည့် စစ်ကောင်စီခေါင်းဆောင်သည် ယခုအကြိမ်အပါအဝင် ရုရှားနိုင်ငံသို့ စတုတ္ထအကြိမ် သွားရောက်ခြင်း ဖြစ်သည်။
အဆိုပါ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအား မြန်မာ၊ ထိုင်းနှင့် ဂျပန် သုံးနိုင်ငံပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၈ ဒဿမ ၆ ဘီလီယံ အကုန်ကျခံ တည်ဆောက်ရန် ၂၀၀၈ ခုနှစ်မှ စတင်၍ သဘောတူခဲ့ကြသည်။
သို့သော် ၁၆ နှစ်နီးပါးအကြာ အထိ လုပ်ငန်းမလည်ပတ်နိုင်သေးသည့် ထားဝယ်ရေနက်ဆိပ်ကမ်းအား စစ်ကောင်စီသည် ရုရှား၏ အကူအညီဖြင့် ပြန်လည် စတင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ပုံ – MOI