ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF)အနေဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)နှင့် လူကုန်ကူးခြင်းများကို တိုက်ဖျက်ဖြေရှင်းရန်အတွက် အသင့်ရှိနေသည်ဟု ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့က မတ်လ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် BGF သည် ကျားဖြန့်နှိမ်နှင်ရေးစီမံချက်ကို ထုတ်ပြန်ချက်ကြေညာချက်အတိုင်း တိကျမြန်ဆန်စွာလုပ်ဆောင်ခဲ့ပြီး နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံခြားသား ၇၀၀၀ ကျော်ကို အခက်အခဲများကြားမှ နေထိုင်စားသောက်ရေးကို ကူညီပေးနေသည်ဟု ဖော်ပြထားသည်။
သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးရန် အသင့်ပြင်ဆင်စောင့်ဆိုင်းနေသည့်အပြင် ကျားဖြန့်နှင့်လူကုန်ကူးတိုက်ဖျက်ရေးများဆောင်ရွက်ရန်အတွက် အစိုးရနှင့် နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင် လက်တွဲအဖြေရှာရန် အသင့်ရှိနေသည်ဟု ဖော်ပြထားသည်။
ထိုအပြင် BGF ၏ အဆိုပါဆောင်ရွက်နေမှုများအပေါ် နိုင်ငံအချို့အပါအဝင် ကျင့်ဝတ်မရှိသော သတင်းဌာနများနှင့် လူပုဂ္ဂိုလ်များက BGF အကြီးအကဲများကို တရားခံသဖွယ် ပြစ်တင်ခြင်း၊ လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့်အထိ အပြစ်မဲ့မိသားစုများကိုပါ ထိခိုက်နစ်နာစေသည့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းများကို မရိုးသားသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်တိုက်ခိုက်ကြပြီး အဆိုးဝါးဆုံးအနေအားဖြင့် နယ်စပ်နေ တိုင်းရင်းသားပြည်သူများ၏ တဖက်နိုင်ငံအပေါ် နေ့စဉ်လူမှုစီးပွားဘဝမှီခိုနေသည်ကို အခွင့်ကောင်းယူကာ လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့စွာဖြင့် လျှပ်စစ်မီးဖြတ်တောက်ခြင်း၊ စက်သုံးဆီနှင့် အသုံးဆောင်များဖြတ်တောက်ခြင်းကို ပြုမှုသဖြင့် အပြစ်မဲ့ပြည်သူများကို ထိခိုက်နစ်နာအောင် ဆောင်ရွက်ခဲ့ကြသည်ဟု ဖော်ပြထားသည်။