လက်ဖက်ရည်ဆိုင်တွင် ရဲဝန်ထမ်းဟောင်း အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးပစ်ခတ်ခံရ
**************************************
ယမင်းဖူးပွင့်အောင်
ဒီဇင်ဘာ ၂၃၊ ၂၀၂၂။
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က ဝေဠုဝန်မြောက်ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးနှင့် တပည့်ဖြစ်သူတို့ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
အဆိုပါအုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များတွင် ဦးဆောင်ပါဝင်နေပြီး တော်လှန်ရေးလူငယ်များကို ဖမ်းဆီးရန် သတင်းပေးခြင်းနှင့် သက်သေလိုက်ပေးခြင်းမျိုး ပြုလုပ်နေသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ အုပ်ကြီးကို လေးချက်ဆော်ပြီး ပွဲချင်းပြီးပါတယ်။ သူ့တပည် ဆယ်အိမ်မှူးထွန်းထွန်းက ပြန်ခုခံလို့ နှစ်ချက်ပစ်ခဲ့ပါတယ်။ ဆေးရုံမှာ သူ့တပည့် ဆုံးပါတယ် ” ဟုပြောသည်။
ဦးဝေဖြိုးအောင်သည် အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် ဝေဠုဝန်မြောက်ရပ်ကွက်၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ရဲဝန်ထမ်းဟောင်းတစ်ဦးလည်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးများ မကြာခဏ ပစ်ခတ်ခံရပြီး ယခုနှစ် ဩဂုတ်လအထိ ရန်ကုန်တိုင်းတွင် အုပ်ချုပ်ရေးမှူး ကိုးဦးထိ ပစ်ခတ်ခံရကာ သေဆုံးခဲ့ကြောင်း သိရသည်။
ပုံစာ – စမ်းချောင်းမြို့နယ်အတွင်းရှိ ဗဟိုလမ်းမီးပွိုင့်တစ်ခု၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗုံးခွဲတိုက်ခိုက်ခဲ့သည့်
ပုံဟောင်း။