အဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရသဖြင့် “ရဲဘော်” ထောက်ပို့အဖွဲ့ ရပ်နားထားရ
********************************
ဂျာမုန်း
ဒီဇင်ဘာ ၂၃၊ ၂၀၂၂။
စစ်ကောင်စီတပ်များ ထိန်းချုပ်ခြေကုပ်ယူထားသည့် ရန်ကုန်မြို့၌အခြေစိုက်သော YELL BAW-ရဲဘော် အမည်ရှိ တော်လှန်ရေးထောက်ပို့အဖွဲ့ကို ခေတ္တရပ်နားထားကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။
ယခုဒီဇင်ဘာလ ပထမပတ်အတွင်း ၎င်းအဖွဲ့၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ရဲဘော်လောင်မြိုက်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သောကြောင့် ကျန်အဖွဲ့ဝင်များ၏ လုံခြုံရေးအန္တရာယ်နှင့် အဖွဲ့တွင်းလုပ်ငန်းစဉ်များကို ပြန်လည်ပြင်ဆင်နေကြရသဖြင့် ယာယီရပ်နားထားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း ဖြစ်သည်။
“ အဓိကက ကျွန်တော်တို့နဲ့အဆက်အသွယ်ပြတ်တာ၊ ပုံမှန်အားဖြင့် ကျွန်တော်တို့ကြားထဲ သတ်မှတ်ထားတာ ၇၂ နာရီပဲ စောင့်ကြည့်မယ်လုပ်ထားတာပေါ့။ နာရီပေါင်း ၈၀ ကြာတဲ့အထိ အဆက်အသွယ်မလုပ်တော့ ကျွန်တော်တို့အနေနဲ့ code red ပြပြီး လုံခြုံရေးနဲ့ပတ်သက်တဲ့စီမံချက်တွေ လုပ်ကြတာပေါ့ ” ဟု ရဲဘော်လောက်မြိုက်နှင့် နီးစပ်သူ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။
အသက် ၂၀ နှစ်ဝန်းကျင်အရွယ် ရဲဘော်လောင်မြိုက် ဖမ်းဆီးခံရသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာသော်လည်း လက်ရှိအချိန်ထိ မည်သည့်နေရာတွင်ဖမ်းဆီးခံထားရသည်ကိုမသိရဘဲ အဆက်အသွယ်ပြတ်တောက်လျှက် ရှိသည်။
၎င်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း တိကျခိုင်မာသည့် သတင်းများအရ သိရှိထားရပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) အပြင် အခြားသောပုဒ်မများဖြင့်ပါ စစ်ကောင်စီဘက်က တရားစွဲဆိုမှုပြုလုပ်လာနိုင်သည်ဟု ၎င်းနှင့်နီးစပ်သူက စိုးရိမ်ရသည့်အခြေအနေကို ပြောဆိုသည်။
ယခုအချိန်ထိ ကျန်အဖွဲ့ဝင်များမှာ ဘေးကင်းလျှက်ရှိပြီး YELL BAW-ရဲဘော် ထောက်ပို့အဖွဲ့တွင် ရဲဘော်လောင်မြိုက်မှာ စစ်ကောင်စီ၏ဖမ်းဆီးမှု ပထမဦးဆုံးခံခဲ့ရသူဖြစ်သည်။
“ မြို့ပြမှာလုပ်တာကတော့ ရန်သူ့ကွင်းမှာ ဘောလုံးကန်နေရသလိုပါပဲ။ ဘယ်အချိန်ဘာဖြစ်မလဲ မသိရဘူးပေါ့။ ကျွန်တော်တို့မဟာမိတ်အချို့လည်း နယ်စပ်မှာ လုပ်နေကြတာရှိပါတယ်။ လာရင်အကူအညီပေးမယ့်လူတွေပါပဲ။ ကျွန်တော်တို့ကိုယ်တိုင်က ဒီမှာစတိုက်တဲ့ တိုက်ပွဲ၊ ဒီမှာပဲ အဆုံးသတ်တဲ့ထိ တိုက်မယ်ဆိုတဲ့ စိတ်နဲ့ပေါ့ ” ဟု သူက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ တစ်လအတွင်း ၎င်းတို့အဖွဲ့မှာ United Alliances- UAs၊ Justice Revolution Team-JRT၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၇၊ Wetlet Revolution Front၊ Myanmar Revolution Army နှင့် မြို့ပြပြောက်ကျားရဲဘော်များအတွက် စုစုပေါင်း ၅,၄၁၀,၀၀၀ သိန်းကျပ် ထောက်ပို့နိုင်ခဲ့ပြီး ဖြစ်ပါသည်။