ကျောက်ထုမြို့ပေါ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံး
***********************************
ဒီဇင်ဘာ ၂၃၊ ၂၀၂၂ ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ညအချိန်မတော် လက်နက်ကြီးပစ်ခတ်မှုသည် ကျောက်ထုမြို့တွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ခြောက်နှစ်အရွယ်ခန့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး၊ ကျောက်ထုမြို့နယ်ရှိ ကျောက်ထုအမြောက်တပ်မှ ယမန်နေ့ည ၉ နာရီကျော်အချိန်တွင် မြို့တွင်းဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဂုံဘိုရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုများရှိခဲ့ခြင်း ဖြစ်သည်။
“ ဂုံဘိုရပ်ကွက်ထဲကို လက်နက်ကြီး ၆ လုံးကျတယ်။ ၅ နှစ်နဲ့ ၆ နှစ်ကြားအရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အခြားထိခိုက်မှုတော့ မကြားမိဘူး ” ဟု ကျောက်ထုPDFတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
အဆိုပါကလေးငယ်သည် ဦးခေါင်းကို ကျည်ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး နေအိမ် ၉ လုံးလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် ကျောက်ထုမြို့နယ်တွင်း၌ ယမန်နေ့ညပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခြင်းသာ ဖြစ်သည်ဟု ကျောက်ထုPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကျောက်ထုအမြောက်တပ်တွင်းမှ စစ်ကောင်စီတပ်သည် ကျောက်ထုနှင့် ချင်းပြည်နယ်အစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မတိုက်ခိုက်နိုင်ရန် အမြောက်တပ်တွင်းမှနေ၍ ကျေးရွာများဘက်နှင့်မြို့တွင်းဘက်များကို လက်နက်ကြီးများဖြင့် အမြဲလိုလို ပစ်ခတ်နေသည်ဟု ၎င်းကပြောသည်။
ပုံစာ – ပြီးခဲ့သောနိုဝင်ဘာလအတွင်း၌ ကျောက်ထုမြို့နယ်ကျေးရွာများကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ပုံဟောင်း။