စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုဒီဇင်ဘာ လအတွင်း ဒီပဲယင်းကျေးရွာအရှေ့ခြမ်းရှိ ကျေးရွာ ၁၉ရွာမှနေအိမ် ၁၇၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဒီပဲယင်းအနောက်တောင် ခြမ်းကျေးရွာများကို ထပ်မံစစ်ကြောင်းထိုး၍ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများထံမှ သိရသည်။
ဒီပဲယင်းမြို့နယ်အတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ဒီဇင်ဘာ၂၂ရက်တွင်စစ်ကြောင်းထိုး၍ အေးသာယာ(ပျံကျ)ရွာနေအိမ် များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
” ဒီနေ့မနက်ခင်းလည်း ပျံကျရွာကနေ အနီးနားရွာတွေကို ဝင်မွှေနေတယ် အခြေအနေတော့မသိရသေးဘူး “ဟုဒေသခံတစ်ဦးက နံနက်၉ နာရီခွဲကျော်ချိန်၌ပြောသည်။
အင်အား ၈၀ဦးခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းက ဒီပဲယင်းအနောက်တောင်ခြမ်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကျေးရွာ၈ရွာခန့်မှ ဒေသခံပြည်သူများ ထောင်နှင့်ချီ၍ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့်ဒီပဲယင်းညီနောင်များအဖွဲ့ တာဝန်ရှိသူကိုဖြိုးကပြောသည်။
အဆိုပါစစ်ကြောင်းသည် ယခုဒီဇင်ဘာလ၁ ရက်မှ ၁၀ရက်အထိ ဒီပဲယင်းအရှေ့ခြမ်းရှိကျေးရွာများကို ဆယ်ရက်ဆက်တိုက်မီးရှို့ခဲ့ပြီး ရေဦးမြို့နယ်အတွင်းဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီးနောက် ယခုတဖန် ဒီပဲယင်းမြို့နယ်အတွင်းထပ်မံစစ်ကြောင်း ထိုးခြင်းဖြစ်သည်။
ဒီပဲယင်းမြို့နယ်တွင် အာဏာသိမ်းကာလအတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းများ မီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ် ၃၀၀၀ ကျော်အထိမီးလောင်ပျက်စီးထားခဲ့ရသည်ဟု ဒီပဲယင်းညီနောင်များအဖွဲ့မှ ပြုစုထားသည့်စာရင်းများအရ သိရသည်။
ယခုလတွင်း၌ စစ်ကောင်စီတပ်များ ဆယ်ရက်မီးရှို့ဖျက်ဆီးမှုကြောင့် အိုး၊အိမ်မဲ့ဖြစ်သွားသည့် ပြည်သူတချို့မှာလက်ရှိချိန်ထိ ဘုန်းကြီးကျောင်း၊ စာသ င်ကျောင်းများတွင် ခိုလှုံနေရသည့်အခြေအနေဖြစ်နေသည့်အပြင် ယခုထပ်မံ၍ စစ်ကြောင်းထိုးလာမှုကြောင့် စစ်ဘေးရှောင် များ တိုးလာသဖြင့် စစ်ရှောင်များ၏ စားသောက်ရေးအတွက် အရေးပေါ် အကူအညီလိုအပ်နေသည်ဟု သိရသည်။
ပုံစာ–စစ်ကြောင်းထိုးနေမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းဒေသခံများ။