ဘုန်းမောင်
ဒီဇင်ဘာ ၃၀၊ ၂၀၂၄။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့ပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကိုဖြုတ်ချခဲ့ချိန်ကစပြီး မြန်မာနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် လူထုဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုတွေကြီးစိုးတဲ့ နယ်စပ်ဒေသတွေမှာပါ။
စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်သူတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အရပ်သားဦးဆောင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေမှာ ပါဝင်လာခဲ့ကြပါတယ်။ မြန်မာ့ပြည်တွင်းစစ်က ပြီးခဲ့တဲ့နှစ်မှာ ပိုမိုပြင်းထန်လာခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်အာဏာရှင်တွေဆုပ်ကိုင်ထားတဲ့ အာဏာကို ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ မဟာမိတ် ၃ ဖွဲ့က ၂၀၂၃ ခုနှစ်နှောင်းပိုင်းတုန်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကြီးမားတဲ့ထိုးစစ်တွေစတင်ဆင်နွှဲခဲ့ပါတယ်။
မကြာသေးတဲ့လတွေအတွင်းမှာတော့ မြန်မာစစ်ကောင်စီရဲ့အတိုက်အခံအင်အားစုတွေက နယ်မြေအများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။ အထူးသဖြင့်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံ အနောက်ဘက်ပိုင်းမှာတည်ရှိတဲ့ ရခိုင်ပြည်နယ်မှာပါ။
ဘာလဲဟ အာရက္ခတပ်တော်
ပြီးခဲ့တဲ့ ၁၅ လတာကာလအတွင်း AA ဟာ စစ်စခန်းအများအပြားနဲ့ ဒါဇင်နဲ့ချီတဲ့မြို့တွေကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်မြေပြင်မှာ ကြီးမားတဲ့တိုးတက်မှုတွေကို စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဖွဲ့ရဲ့ တိုးပွားလာနေတဲ့နယ်မြေပိုင်ဆိုင်မှုနဲ့ အတားအဆီးမရှိတဲ့အရှိန်အဟုန်တွေကြောင့် AA ရဲ့အန္တိမပန်းတိုင်ကဘာလဲဆိုတာ မေးခွန်းထုတ်ဖို့ ဖြစ်လာပါတယ်။
အာရက္ခတပ်တော်ဟာ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အများစုနဲ့ဖွဲ့စည်းထားတဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ စစ်ရေးလက်ရုံးပါ။
၂၀၁၇ ခုနှစ်မှာတော့ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြတဲ့ ရိုဟင်ဂျာမူဆလင်တွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက် ရိုဟင်ဂျာ ၇၅၀,၀၀၀ ဝန်းကျင် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။
မြန်မာစစ်တပ်ရဲ့ရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှုကို “လူမျိုးသုဥ်းသတ်ဖြတ်မှု” အဖြစ် အမေရိကန်ပြည်ထောင်စုကတရားဝင်ကြေညာခဲ့ပြီး ရိုဟင်ဂျာတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု၊ အတင်းအဓမ္မနေရပ် ပြောင်းရွှေ့ခံခဲ့ရမှုတွေနဲ့ပတ်သက်ရင်လည်း နိုင်ငံတကာက မြန်မာအစိုးရအပေါ် ပြင်းပြင်းထန်ထန်အပြစ် တင်ဝေဖန်ခဲ့ပါတယ်။
AA နဲ့ ULA ရဲ့အန္တိမရည်မှန်းချက်က မူဆင်လင်တွေနဲ့ဗုဒ္ဓဘာသာရခိုင်လူမျိုးတွေ သင့်သင့်မြတ်မြတ်နေထိုင်သွားနိုင်မယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုကို ရခိုင်ပြည်နယ်မှာဖန်တီးရယူဖို့ဖြစ်ပါတယ်။
ဖွင့်ထားသောတံခါးများ
ဝါရှင်တန်ဒီစီအခြေစိုက် Wilson Center အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က အကြီးတန်းလေ့လာသုံးသပ်သူ ကိုရဲမျိုးဟိန်းက AA ကရွေးချယ်စရာတွေကို ဆက်ပြီးဖွင့်ထားတယ်လို့ ပြောပါတယ်။
“ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုမောင်းထုတ်ပစ်ဖို့ အေအေက ပိုပြီးအာရုံစိုက်နေတယ်။ ဒါပေမယ့် နိုင်ငံရေးအနာဂတ်နဲ့ပတ်သက်လာရင် အေအေက စားပွဲဝိုင်းပေါ်ထားရှိပုံပေါ်ပြီး လွတ်လပ်တဲ့ နိုင်ငံသစ်ထူထောင်နိုင်ခြေတော့မရှိပါဘူး” လို့ DW ကိုပြောပါတယ်။
“တိကျတဲ့ရလဒ်ကိုခန့်မှန်းဖို့က အချိန်စောလွန်းနေပါသေးတယ်။ မြန်မာနိုင်ငံရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေ၊ မနေဆိုတာက အနာဂတ်နိုင်ငံတော်ကို ဘယ်လိုဖွဲ့စည်းပုံမျိုးနဲ့သွားမလဲဆိုတဲ့အပေါ် အများကြီးမူတည်နေလိမ့်မယ်”လို့ အဆိုပါပညာရှင်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
မြန်မာ့အရေးကျွမ်းကျင်သူ ISP (Myanmar) ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကလည်း အလားတူအမြင်မျိုးကိုပဲ ပြန်ပြီးမျှဝေခဲ့ပါတယ်။
“အာရက္ခတပ်တော်က “ကွန်ဖက်ဒရေးရှင်းအဆင့်အတန်း” အတွက်ကြိုးပမ်းနေတာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။ ဒါပေမယ့် အေအေ ဘာဆက်လုပ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး” လို့ သူကပြောပါတယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နပခရဲ့ကျရှုံးမှုက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ငါးလအတွင်းတိုက်ခိုက်မှုတွေကြောင့်ကျရှုံးသွားတဲ့ စစ်ကောင်စီရဲ့ဒုတိယမြောက်တိုင်းစစ်ဌာနချုပ်ကျရှုံးခန်းဖြစ်ပြီး စစ်ကောင်စီအတွက် ကြီးမားတဲ့ထိုးနှက်ချက်ကြီးတစ်ခုဖြစ်လာပါတော့တယ်။
AA နဲ့ရိုဟင်ဂျာတွေရဲ့တင်းမာမှုတွေ
AA နဲ့ ULA တို့က ရိုဟင်ဂျာမူဆလင်တွေနဲ့ စည်းလုံးညီညွတ်ကြောင်းကို ရှေ့တန်းတင်လိုပုံရပေမယ့် အတိတ်တုန်းက AA ဟာ လူနည်းစုတွေအပေါ် သေစေလောက်တဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါ တယ်။
နှစ်ဖက်ကြားက သမိုင်းဝင်ကွဲပြားမှုတွေကို ဘယ်လိုရှင်းထုတ်ပစ်ရမလဲ? ဆိုတာက မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။
“AA ရဲ့ခေါင်းဆောင်ပိုင်းတွေက လက်တွေ့ဆန်သူတွေဖြစ်ကြပါတယ်။ ရိုဟင်ဂျာပြဿနာအပါအဝင် စိန်ခေါ် မှုတွေအားလုံးကို သူတို့ ထည့်သွင်းစဥ်းစားထားမှာပါ။ ရိုဟင်ဂျာပြဿနာက AA ရှောင်ရမယ့် မိုင်းတွင်းတစ်တွင်းပဲ။ ဘာပဲဖြစ်နေပါစေ။ ရခိုင်ပြည်နယ်က စစ်ရေးအောင်ပွဲတွေက AA ရဲ့ခေါင်းဆောင်ပိုင်းတချို့နဲ့ ရခိုင်တိုင်းရင်းသားတချို့ကို အလွန်အကျူးမာန်တက်စေခဲ့ပြီး ဒါက မျက်ကန်းမျိုးချစ်စိတ်ကိုဖန်တီးပေးနိုင်တယ်” လို့ ဦးအောင်သူငြိမ်းကပြောပါတယ်။
နောက်ထပ်ရှုပ်ထွေးမှုတစ်ခုက စစ်ကောင်စီကိုဆန့်ကျင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ရည်ရွယ်ပြီး ရိုဟင်ဂျာတွေကိုမြန်မာစစ်တပ်က အတင်းအဓမ္မလူသစ်စုဆောင်းနေတဲ့ကိစ္စပါ။
AA ကလည်း ရိုဟင်ဂျာတွေကို ငှားရမ်းအသုံးချနေတယ်လို့ သတင်းတွေအရသိရပါတယ်။
ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းရေးကိုတွေ့မြင်လိုတယ်ဆိုရင် ရိုဟင်ဂျာပြဿနာအပါအဝင် စိန်ခေါ်မှုတွေအားလုံးကို AA အနေနဲ့ဖြေရှင်းဖို့လိုအပ်တယ်လို့ ဦးရဲမျိုးဟိန်းကပြောပါတယ်။
“ရိုဟင်ဂျာကိစ္စကို ပြေလည်မှန်ကန်အောင်မဖြေရှင်းနိုင်ရင် ဒါက ရခိုင်ပြည်နယ်အတွက် အဆိပ်အတောက်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒေသတွင်းရေရှည်တည်ငြိမ်ရေးနဲ့ တိုးတက်မှုတွေအတွက် ရိုဟင်ဂျာပြဿနာကို အပြုသဘောဆန်တဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့လိုပါမယ်”လို့ သူက အလေးအနက်ထားပြောဆိုသွားခဲ့ပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်ကိုပြန်ကြည့်ရင် အစားအစာနဲ့ ဆေးဝါးပစ္စည်းတွေအပါအဝင် ကျန်တဲ့အရေးကြီးတဲ့ ထောက်ပံ့ရေးပစ္စည်းတွေရရဖို့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ အခြားဒေသတွေအပေါ် မှီခိုနေရပါတယ်။ ရခိုင်ပြည်နယ်သည်လည်းပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်နိုင်သေးပါဘူး။ ဒါကြောင့်လည်း AA အနေနဲ့ အလုံး စုံလွတ်မြောက်ပြီးသွားပြီဆိုရင်တောင် ဒေသက ကြီးပွားတိုးတက်လာနိုင်မလားဆိုတဲ့မေးခွန်းတွေ ထွက်ပေါ် လာပါတော့တယ်။
“AA က မြန်မာနိုင်ငံအလယ်ပိုင်းအပေါ် မှီခိုအားထားနေရမှုကိုလျှော့ချဖို့အတွက် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေးတိုးချဲ့သွားမယ့်အလားအလာရှိနေပါတယ်”လို့ ဦးရဲမျိုးဟိန်းက မှတ်ချက်ပြုပါတယ်။
“AA က နိုင်ငံတစ်နိုင်ငံရဲ့အစိုးရမဟုတ်တဲ့အတွက်ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ AA နဲ့ ပတ်သက်မှာမဟုတ်ဘူးလို့ပြောထားပေမယ့် ရေရှည်အတွက်စဥ်းစားမယ်ဆိုရင်တော့ အိမ်နီးချင်းနိုင်ငံတွေဟာ နယ်စပ်တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် AA နဲ့အလွတ်သဘောဆက်ဆံရေးထူထောင်ဖို့ကလွဲပြီး ရွေးချယ်စရာလမ်း မရှိတော့ဘူးလို့ ယူဆပါတယ်”
တရုတ်က ဘယ်လို ဇာတ်ရှုပ်ဦးမှာလဲ?
မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက်မှု တိုးမြှင့်လာတာကိုကြည့်ခြင်းအားဖြင့် ပဋိပက္ခက ရှေ့ဆက်ဦးမယ့်ပုံပေါ်တယ်လို့ လေ့လာသူတွေကပြောပါတယ်။
အာရှကုမ္ပဏီကြီးက မြန်မာနိုင်ငံရဲ့အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး စစ်ဘက်ကိုလည်း လက်နက်တွေအဓိကပံ့ပိုးပေးနေတဲ့ကုမ္ပဏီဖြစ်ပါတယ်။
ဘေဂျင်းက မြန်မာနိုင်ငံမှာရှိတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းအပြင် အခြားသောရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေမှာ ဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံထားပါတယ်။
မကြာသေးခင်တုန်းကတော့ တရုတ်အာဏာပိုင်တွေက AA ရဲ့မဟာမိတ်ဖြစ်တဲ့ကျန်အဖွဲ့ ၂ ဖွဲ့နဲ့ စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေးအကျိုးဆောင်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။
မြန်မာစစ်တပ်က ရခိုင်ပြည်နယ်ရဲ့ အဓိကမြို့ကြီးတစ်မြို့ဖြစ်တဲ့ ကျောက်ဖြူမြို့ကို ထိန်းချုပ်ထားဆဲပါပဲ။ ကျောက်ဖြူမြို့မှာ တရုတ်နိုင်ငံအနာက်တောင်ပိုင်းမှာရှိတဲ့ ယူနန်ပြည်နယ်ရဲ့မြို့တော်ကူမင်းမြို့နဲ့ ကျောက်ဖြူ မြို့ကြားသွယ်တန်းထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံတန်ကြေးရှိတဲ့ ရေနံပိုက်လိုင်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ရှိနေပါတယ်။
ပိုက်လိုင်းတွေဟာ တရုတ် – မြန်မာစီးပွားရေးစင်္ကြံရဲ့ အဓိကကျတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ တရုတ် – မြန်မာစီးပွားရေးစင်္ကြံဟာ ဘေဂျင်းရဲ့ ရည်မှန်းချက်ကြီးမားတဲ့စီမံကိန်းဖြစ်သလို ဒေါ်လာဘီလီယံ ပေါင်းများစွာတန်ကြေးရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံစီမံကိန်း (Belt and Road Initiative – BRI) ရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။
“ကျောက်ဖြူက တခြားဒေသတွေကို ဦးစားပေးထိန်းချုပ်မယ့် AA ရဲ့ နောက်ဆုံးပစ်မှတ်တစ်ခုဖြစ်ဖွယ်ရှိတယ်။ AA က သူရဲ့စစ်ရေးစွမ်းရည်နဲ့ပတ်သက်ပြီး သက်သေပြထားပြီးသားဆိုတော့ ကျောက်ဖြူမြို့ကိုလည်း AA က အင်အားသုံးပြီးသိမ်းပိုက်နိုင်ပါလိမ့်မယ်” လို့ ဦးရဲမျိုးဟိန်းက ပြောပါတယ်။
“ဒီဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်လာပြီဆိုရင် တရုတ်ရဲ့အခြေခံအဆောက်အအုံတွေ ပျက်စီးကိန်းဆိုက်ဖို့ အန္တရာယ်ရှိလာပြီ။ အဲဒါက ကျောက်ဖြူမှာ AA အတွက် အဓိကအချက်အချာကျတဲ့ ညှိနှိုင်းမှုတစ်ခုကိုဖြစ်လာစေတယ်” လို့လည်း သူကဆက်ပြောပါတယ်။
“သူရဲ့မဟာဗျူဟာကျမှုနဲ့ စီးပွားရေးအရအရေးပါမှုကိုအသုံးချပြီး မြန်မာစစ်တပ်က ငြိမ်းချမ်းစွာနဲ့ ထိန်းချုပ်နယ်မြေတွေကို AA လက်ထဲထိုးအပ်ဖို့ တရုတ်ကို AA က ဖိအားပေးဖို့စည်းရုံးနိုင်တယ်။ ဒီလှုပ်ရှားမှုက သူရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ဖို့နဲ့ ဒေသတွင်းတည်ငြိမ်ရေးကိုထိန်းသိမ်းရာမှာ တရုတ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့ကိုက်ညီတဲ့ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်လာစေနိုင်ပါတယ်”
_________________
Ref: Myanmar’s Arakan Army: Why it should be taken seriously