![]()
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်ကော်ရှင်တပ်က နိုဝင်ဘာ ၂၄ နံနက်အစောပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား ခုနစ်ဦးသေပြီး လေးဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
လူနေအိပ်ချိန် နံနက်စောစော ၁ နာရီဝန်းကျင်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကံထူးမဆေးရုံ ဓာတ်မှန်ဆောင်တစ်ခုလုံး ပျက်စီးပြီး ကားဘော်ဒီရုံတစ်လုံးလည်း ထိခိုက်ခဲ့သည်ဟု သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ကုသစောင့်ရှောက်မှုပေးနေပြီး အသက်မပြည့်သေးသည့် ကလေးများလည်း ပါဝင်နိုင်ချေရှိကာ အတည်ပြုရန် စိစစ်နေဆဲဟု ကနဦးသိရသည်။ “ဆေးရုံအနောက်ဘက်၊ ကားဘော်ဒီရုံဆိုတော့ အလုပ်သမားတွေပါသွားတာ’’ ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း ကံထူးမကျေးရွာကို ဗုံးနှစ်လုံး ကြဲချခဲ့ခြင်းကြောင့် ပြည်သူ ရှစ်ဦးသေပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သေးသည်။
