ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို အမေရိကန် ကြိုဆို
ဒီဇင်ဘာ ၂၂၊ ၂၀၂၂။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့နိုင်ငံအရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြိုဆိုကြောင်း အမေရိကန်နိုင်ငံရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်၏ ထုတ်ပြန်ကြေညာချက်အား ယနေ့တွင် မြန်မာအမေရိကန်သံရုံးက ဖော်ပြထားသည်။
ယမန်နေ့က ဒီဇင်ဘာ၂၁ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ရာ မြန်မာ့အရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် ၂၆၆၉ ကို အတည်ပြုခဲ့နိုင်ကြောင်းသိရသည်။
အဆိုပါဆုံးဖြတ်ချက် ဥပဒေမူကြမ်းကို ဗြိတိန်နိုင်ငံက ဦးဆောင်ရေးဆွဲပြီး ယမန်နေ့က အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ ယူကေသံအမတ်ကြီးက ပြောသည်။
ဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာတွင် တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့က ကြားနေခဲ့ကြပြီး ကျန်သည့်လုံခြုံရေးကောင်စီဝင် နိုင်ငံအားလုံးက ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။
လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုကြောင်း၊ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန်နှင့် စစ်အာရှင်များ၏ဖိနှိပ်ချုပ်ခြယ် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ခြေလှမ်းတစ်ခုဖြစ်ကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။
ဆက်လက်ပြီး ယခုဆုံးဖြတ်ချက်ကို ချီးကျူးထောက်ခံသော်လည်း မြန်မာ့အကျပ်အတည်းဖြေရှင်းရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာစေရန် လုံခြုံရေးကောင်စီအနေဖြင့် ဆက်လက်လုပ်ဆောင်မှုများစွာ လိုအပ်နေသေးကြောင်း၊ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် အာဆီယံကို ပိုမိုအားပေးထောက်ခံမှုပေးရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားထားသည်။
ယခုဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုနိုင်ခဲ့ခြင်းသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာ့အရေးနှင့်ပတ်သက်သည့် လုံခြုံရေးကောင်စီ၏ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ဖြစ်ကြောင်း သိရသည်။
၂၀၀၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များတွင် မြန်မာ့အရေးနှင့် ပတ်သက်သည့် မူကြမ်းများကို တင်သွင်းခဲ့သော်လည်း တရုတ်နှင့်ရုရှား တို့၏ ကန့်ကွက်မှုများကြောင့် အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – Asia News International