ပြည်သူများထံက သိမ်းဆည်းထားသည့် ရွှေထည်များကို ပြန်ဝယ်သည့် ရွှေဆိုင်ပိုင်ရှင် အပစ်ခံရ
********************
ဒီဇင်ဘာ ၂၁၊ ၂၀၂၂။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူများထံက သိမ်းဆည်းလာသည့် ရွှေများကို လက်ခံဝယ်ယူသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေမုံရွာ ရတနာရွှေဆိုင် ပစ်ခတ်ခံရသည်ဟု ဒေသခံများထံက သိရသည်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို အတည်ပြု ပြောဆိုသည်။
“ ကျွန်တော်တို့ကဖမ်းဆီးဖို့ပဲသွားတာ၊ သူကကျွန်တော်တို့လက်နက်ကိုလုပြီး ပြန်ခုခံလို့ မသေနိုင်တဲ့ အောက်ပိုင်းနေရာကို ပစ်ခဲ့ရတာပါ ” ဟု ပြောသည်။
ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ဝင်များက အဆိုပါ ရွှေဆိုင်ပိုင်ရှင်ကို နှစ်ကြိမ်တိုင် သတိပေးခဲ့ပြီးနောက် ဆက်လက်လုပ်ဆောင်နေသဖြင့် ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားနှစ်စီးဖြင့် ရောက်ရှိလာသည့်အတွက် ရွှေဆိုင်ပိုင်ရှင်ကို ဖမ်းဆီးရမိခြင်း မရှိဟု ဆိုသည်။
ရွှေမုံရွာ ရွှေဆိုင်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မုံရွာလူမိုက်ခေါင်းဆောင်များက လုယက်လာသည့် ရွှေထည်များကိုလည်း လက်ခံဝယ်ယူလေ့ရှိသည်ဟု မုံရွာပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များက ပြောဆိုသော်လည်း သံလွင်ခက်အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ ရွှေဆိုင်ပိုင်ရှင်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူသွားလာ နေမှုများလည်း ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ပုံစာ – ရွှေမုံရွာရွှေဆိုင် ( Photo-NMTY )