အချိန်မီ ဆေးမကုသ လိုက်ရသည့် စစ်ဘေးရှောင်တစ်ဦး သေဆုံး
*************
သဇင်ဦး
ဒီဇင်ဘာ ၂၁၊ ၂၀၂၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် တစ်ပတ်အတွင်း မြွေကိုက်ခံရသူ သုံးဦးရှိပြီး ညမထွက်ရအမိန့်ကြောင့် အချိန်မီ ဆေးဝါးကုသနိုင်ခြင်း မရှိသည့်အတွက် စစ်ဘေးရှောင်တစ်ဦး သေဆုံးခဲ့သည်ဟု ကူညီသူများက ပြောသည်။
ထန်းကုန်းတိုက်နယ်အတွင်းရှိ တိုက်ပွဲရှောင်နေသည့် အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဒီဇင်ဘာ ၁၃ ရက်နေ့ညပိုင်းက မြွေကိုက်ခံခဲ့ရသည်။
မြွေကိုက်ခံရပြီးနောက် ဆေးရုံသို့သွားရန် ညမထွက်ရ အမိန့်ကြောင့် အချိန်မရတော့သဖြင့် အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ သူတို့က သတ်မှတ်ထားတဲ့ အချိန်ကျော်လို့ အပြင်ထွက်ရင် အစစ်ဆေးမရှိ ပစ်တာဗျ။ ဘယ်သူမှ အရဲစွန့်ပြီး မသွားရဲကြဘူး။ သေရေးရှင်ရေးဖြစ်နေတာတောင် ဆေးရုံ၊ ဆေးခန်း ချက်ချင်းမသွားရဲကြဘူး။ မနက်မိုးလင်းသည်အထိ စောင့်ပြီးမှ ဆေးရုံသွားရတာ။ဒါ့ကြောင့် အသက်ဆုံးရှံးရတာ ” ဟု ၎င်းကပြောသည်။
ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီထိန်းချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အာဏာသိမ်းပြီးနောက်ပိုင်း ည ၈ နာရီကျော်လျှင် အပြင်မထွက်ရဟု အမိန့်ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်းရှိ ကိုးတောင်ဘို့တိုက်နယ်နှင့် ချပ်သင်းတိုက်နယ်က အမျိုးသားနှစ်ဦးလည်း တိုက်ပွဲရှောင်နေရင်း ဒီဇင်ဘာ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့က မြွေကိုက်ခံခဲ့ရသည်။
Photo – ( ကျွန်းလှတက်ကြွလှုပ်ရှားသူများ )